မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စိတ်ကြွဆေးရောင်းဝယ်သူတို့က အရည်အသွေးလျော့ချပြီး စျေးနှုန်းနည်းသည့် ဆေးပြားများကို ဖြန့်ဖြူးရောင်းချနေခြင်းကြောင့် ယခင်ကထက် ယခုလို စျေးပေါသည့် စိတ်ကြွဆေးကို ပိုမိုသုံးစွဲလာကြောင်း သိရသည်။
ယခင်က စိတ်ကြွဆေးတစ်လုံးလျှင် အရည်အသွေးအပေါ်မူတည်ပြီး၊ ၄၅ဝဝ ကျပ်၊ ၂၅ဝဝ ကျပ်နှင့် ၁၅ဝဝ ကျပ်အထိ ဝယ်ယူသုံးစွဲနေကြရပြီး၊ ယခုကာလအတွင်း စိတ်ကြွဆေးရောင်းဝယ်သူတို့က ဆေးအရည်အသွေးလျော့နည်းသည့်ဆေးကို စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချနေသည့်အတွက် သုံးစွဲသူများ ယခင်ကထက် ပိုများလာသည်။
အရည်အသွေးလျော့ချထားသည့် ဆေးတစ်လုံးကို ၃ဝဝဝ ကျပ်၊ ၂၅ဝဝ ကျပ်မှ ၅ဝဝ ကျပ်အထိ ရောင်းချနေကြောင်း ကျိုက်မရောမြို့နယ်မှ ဆေးသုံးစွဲနေသူတစ်ဦးက ပြောသည်။
အရည်အသွေးလျှော့ချထားတဲ့ ဆေးပြား (၅) လုံးဟာ အရင်က အရည်အသွေးပြည့်ဝတဲ့ ဆေးတစ်လုံးစာနဲ့ ညီမျှတယ်ဟု အထက်ပါ ဆေးသုံးစွဲသူက ပြောပြသည်။
ထိုဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူအများစုသည် တက္ကသိုလ်ကျောင်းသားများ၊ အထက်တန်းကျောင်းသားလူငယ်များနှင့် ပြည်ပနိုင်ငံမှ ပြန်လာသည့်လူငယ်များ ယေဘုယျအားဖြင့် အသက် (၁၂) နှင့် (၄ဝ) အကြားရှိ လူများသုံးစွဲနေကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
“စိတ်ကြွဆေးသုံးစွဲတဲ့လူတွေဟာ ညညဆိုအိပ်မပျော်ကြဘူး၊ အိမ်မှာလည်းမနေချင်ကြဘူး၊ အမြဲတမ်းအပြင်ထွက်ချင်နေတယ်၊ ကြောင်နေတာပေါ့၊ ဆေးစွဲကြာလာရင် အရူးတစ်ယောက်လို ဖြစ်သွားနိုင်တယ်” ဟု ဆေးသုံးစွဲဖူးသူ ကနာလိုရွာမှ လူငယ်တစ်ဦးက ပြောသည်။
မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးကလည်း စိတ်ကြွဆေးပြားတွေကို အများအားဖြင့် ထိုင်းနိုင်ငံကနေ တင်သွင်းတာများတယ်၊ မြန်မာနိုင်ငံမှာတော့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် ဝယ်ယူ ရောင်းချနေကြောင်း ၄င်းက ပြောသည်။
“စိတ်ကြွဆေးတွေကို အိမ်မှာရောင်းတာလည်းရှိတယ်၊ ကွမ်းယာဆိုင်မှာ ထုံးရည်နဲ့ရောပြီး ထည့်ထားတာလည်းရှိတယ်၊ ကျမတို့ရွာမှာဆိုရင် ဆေးစွဲတဲ့လူငယ်တွေ တော်တော်များလာတယ်၊ ဆေးရောင်းတဲ့သူတွေကတော့ ရွာထဲမှာဆိုရင် တစ်ယောက်စ နှစ်ယောက်စပဲရှိကြတယ်၊ သူတို့တွေဟာ ဒီကေဘီအေတွေနဲ့ ပေါင်းထားတာဆိုတော့ ဘယ်သူမှ မပြောရဲဘူး၊ ဘယ်အဖွဲ့ကမှလည်း မဖမ်းရဲဘူး” ဟု ကျိုက်မရောမြို့နယ်မှ လူငယ်များ ဆေးသုံးစွဲနေမှုအပေါ် အကဲခတ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးကလည်း ပြီးခဲ့သည့် သင်္ကြန်ရက်အတွင်းမှာ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာရှိ လမ်းတဝက်မှာ ကားဖြင့် လူငယ်တစ်အုပ်က ဆေးရောင်းဝယ်သူတို့နှင့် လမ်းမှာ အပေးအယူလုပ်နေကြပြီး၊ ဆေးများသုံးစွဲနေကြကြောင်း ၄င်းက ပြောသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှ လူငယ်များသည် မူးယစ်ဆေးဝါးကို ရွားအတွင်း၌ ပေါ်ပေါ်ထင်ထင် ပြန့်နှံ့သုံးစွဲနေကြပြီး၊ အဓိက ရောင်းဝယ်နေသူကိုသာ မည်သူ မည်ဝါဆိုတာကို သိသိကျကျမသိရှိကြပါ။
မူးယစ်ဆေးဝါးကြောင့် လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင်လည်း (၁ဝ) တန်းကျောင်းသားတစ်ဦး စိတ်ကြွဆေးပြားသုံးစွဲနေခြင်းကြောင်းကို ၄င်း၏မိဘတို့က သိရှိသွားပြီး ဆေးဖြတ်ခိုင်းရာမှ လူငယ်မှာ စိတ်ဓာတ်ကျပြီး မိမိကိုယ်ကို ကြိုးဆွဲသတ်သေသွားခဲ့သည်လည်း ရှိခဲ့သည်။