ဖမ်းဆီးမှု အခြေအနေ တင်းကြပ်ခြင်းကြောင့် ဒေသခံများ ကြောက်ရွ့ံနေကြ

ဖမ်းဆီးမှု အခြေအနေ တင်းကြပ်ခြင်းကြောင့် ဒေသခံများ ကြောက်ရွ့ံနေကြ
ကော့သောင်းမြို့တွင် လူကုန်ကူးပွဲစားများနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်နေသည့် ရွေ့ပြောင်း အလုပ်သမားများကို သက်ဆိုင်ရာမှာ တင်းကြပ်စွာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ...

ကော့သောင်းမြို့တွင် လူကုန်ကူးပွဲစားများနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်နေသည့် ရွေ့ပြောင်း အလုပ်သမားများကို သက်ဆိုင်ရာမှာ တင်းကြပ်စွာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ကြောက်ရွ့ံနေကြသည်။

ယခုရက်ပိုင်းအတွင်း ကော့သောင်းမြို့ပေါ်ရှိ ပွဲစားများ သည်ခိုတက်သည့်အိမ်များနှင့် သည်ခိုခန်း (၂၀) ခန်းခန့်မှ သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံတို့က လိုက်လံရှာဖွေ ဖမ်းဆီးမှုများကြောင့် အိမ်ရှင်များနှင့် သည်ခိုခန်းပိုင်ရှင်များ ကြောက်နေကြသည်။

“ကော့သောင်းမှာ ဗျူဟာမှုးပြောင်းထားတယ်၊ အဲဒါကြောင့်မို့ အဖမ်းအဆီးတွေတင်းကြပ်နေတယ်၊ ယခင်ကလည်း ဖမ်းတာပဲ ဒါပေမယ့် နားလည်မှုသဘောနဲ့ ငွေပေးလိုက်ရင် ပြေလည်သွားတာပဲ၊ အခုက ငွေပေးလို့လည်းမရဘူး၊ အဖွဲ့ပေါင်းစုံဖြစ်နေတော့ ဘယ်လိုမှ လုပ်လို့မရဘူး၊ သည်ခိုခန်းတွေလည်း ကြောက်လို့ ပိတ်ထားရတယ်” ဟု ကော့သောင်းမြို့ရှိ ပွဲစားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့သောင်းမှ ရနောင်းသို့ခိုးဝင်သွားသည့်လှေ တစ်စီးနစ်မြုပ်သွားပြီး အလောင်သုံးလောင်သာတွေ့ရှိရသည့်ကိစ္စနှင့် ပတ်သက်ပြီး ယခုလို အဖမ်းအဆီးကြမ်းလာနေသည်။

“ဖမ်းတာက တော်တော်ကြမ်းတယ်၊ ကော့သောင်းမှာ သည်ခိုခန်း ၂၀ လောက်ရှိတယ်၊ သည်ခိုခန်းပိုင်ရှင်တွေ ကြောက်လို့ အကုန်ပိတ်ထားတယ်၊ အိမ်တွေမှာလည်း ဘယ်ဧည်သည်မှ ပေးမနေရဲဘူး၊ သက်ဆိုင်ရာတွေကလည်း သူတို့မိတဲ့အိမ်မှာဆိုရင် ပွဲစားအိမ်လို့ပဲသတ်မှတ်တယ်၊ အခုဖမ်းတဲ့ပုံကလည်း တချိန်ထဲ တခါထဲ ရှိရှိသမျှ သည်ခိုခန်းတွေ အိမ်တွေမှာ ဝင်ရှာတယ်၊ အရင်ကဆို တခုပြီးတခု ဝင်ရှာတော့ အခြေအနေသိပ်မဆိုးဘူး၊ ပြေးလို့ရသေးတယ်၊ ရှောင်လို့ရသေးတယ်၊ အားလုံးက အခတ်အခဲဖြစ်နေကြတာပေါ့၊ ကျနော့်လူတွေလည်း ၃/၄ ယောက်ပါသွားတယ်” ဟု ပွဲစားက ဆက်ပြောသည်။

စဖမ်းသည့်နေ့မှာ လူတော်တော်များများ အဖမ်းခံရပြီး၊ ယခုရက်ပိုင်းအတွင်း ပွဲစားများဆီသို့ ဖမ်းဆီးမည့်သတင်း ပြန့်နှံသွားပြီးနောက် ကော့သောင်းသို့ဝင်လာသည့် လူနည်းပါးလာသောကြောင့် အဖမ်းခံရသူနည်းပါးလာသော်လည်း သက်ဆိုင်ရာမှ စစ်ဆေးမှုများ ဆက်လက်တင်းကြပ်နေဆဲဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ဖမ်းဆီးရရှိထားသူများကို ကော့သောင်းမြို့ရှိ တရားရုံးအချုပ်ခန်းမှာ ချုပ်နှောင်ထားပြီး၊ တရားမဝင်ထိုင်းနိုင်ငံသို့ ခိုးဝင်သူများသာမက ပွဲစားများလည်း ပါဝင်ကြောင်း သိရသည်။

ကော့သောင်းသို့ ရေးလမ်း၊ ကုန်းလမ်း၊ လေလမ်းဖြင့်ဝင်ရောက်လာသည့် ခရီးသည်များအားလုံးကို ကော့သောင်းရှိ သက်ဆိုင်ရာ အဖွဲ့ပေါင်းစုံတို့မှ ခရီးသည်များ ကိုင်ဆောင်ထားသည့် မှတ်ပုံတင်ရှိ နေရပ်လိပ်စာကို ကြည့်ပြီး ကော့သောင်းမြို့ဒေသခံမှ လွဲပြီး၊ အကုန်ဖမ်းဆီးသည်။ အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူများ အကုန်ဖမ်းဆီးချုပ်နှောင်ထားသည်။

ဖမ်းဆီးခံထားရသူများကို သက်ဆိုင်ရာမှ အဓိကအားဖြင့် မည်သည့်ပွဲစားနှင့် လာကြောင်း ပွဲစား၏ လိမ်စာအတိအကျကို မေးမြန်းပြီး အချုပ်ခန်းမှာ ဆက်လက်ချုပ်နှောင်ထားသည်။ ယခုရက်ပိုင်းအတွင်း မုဒုံမြို့နယ်အတွင်းရှိ ပွဲစားများကို ရဲအဖွဲ့တို့မှ မေးမြန်းစုံစမ်းမှုများရှိနေကြောင်း မုဒုံဒေသခံတို့က ပြောသည်။

ယခုလ ၁၇ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ သက်ဆိုင်ရာမှ စတင်ဖမ်းဆီးနေခြင်းကြောင့် ထားဝယ်-ကော့သောင်းသို့ ပြေးဆွဲနေသည့်အမြန်ယာဉ်များ ခရီးသည်သွားလာမှုနည်းလာသည့်အတွက် ပြေးဆွဲမှုခတ္တခဏ ရပ်ဆိုင်းထားရပြီး၊ ယခုလောလောဆယ်အခြေအနေအရ ကော့သောင်းမြို့သို့ လူသွားလူလာနည်းလာကြောင်း ကော့သောင်းမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကော့သောင်းသို့ ရောက်ရှိလာသည့် ထားဝယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးကလည်း “ကျနော့်မှတ်ပုံတင်ကို သူတို့သိမ်းလိုက်တယ်၊ ကျနော့်ကိုတော့ မဖမ်းဘူး၊ နောက်တစ်ရက်မှလာယူလို့ပြောလိုက်တယ်” ဟု သူက ပြောသည်။

Most read this week