၆ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ် အကျခံနေရပြီ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သက်တမ်းပြည့်လွန်လို့ ပြန်လည်လွတ်မြောက်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ ဦးတင်ဦးအား တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ဝါရင့်နိုင်ငံရေးပါတီဝင်များမှ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတခုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီမှာ သခင်သိန်းဖေနေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဦးတင်ဦးနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များ၊ အန်အယ်လယ်ဒီ စီအီးစီပါတီဝင်များနှင့် ဝါရင့်နိုင်ငံရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၅၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။
သခင်သိန်းဖေနေအိမ်မှာကျင်းပသည့် ဦးတင်ဦးအား ဂုဏ်ပြုကြိုဆိုပွဲသို့ ရခိုင်အမျိုးသားရေးဒီမိုကရေစီအဖွဲ့ချုပ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇိုမီးအမျိုးသား ကွန်ကရက် ပါတီ ရှမ်းအမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ကချင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စသည့် တိုင်းရင်းသားနိုင်ငံရေးပါတီတို့မှ ခေါင်းဆောင်များသာမက ညီညွတ် သော တိုင်းရင်းသားမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များ လွှတ်တော်ခေါ်ယူရေးကော်မတီအဖွဲ့ဝင်များလည်း တက်ရောက်ကြသည်။
အခမ်းအနားမှာ ဝါရင့်နိုင်ငံရေးအဖွဲ့မှ ဦးအုန်မောင် ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ ဦးဖူကျင့်ရှင်းထန်တို့က အမှာစကားပြောကြားခဲ့ပြီး ဦးတင်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဦးတင်ဦးကို ၂၀၀၃ ခုနှစ် မေလ ၂၃ ရက်နေ့မှာ ဖြစ်ပွားခဲ့သည့် ဒီပဲယင်းအရေးအခင်းအပြီး နှစ်စဉ် အကျယ်ချုပ်သက်တမ်း ၆ လ၊ တစ်နှစ် တိုးစနစ်ဖြင့် အကြိမ်ကြိမ် အမိန့်ကြေငြာထုတ်ကာ နေအိမ်အကျယ်ချုပ် ၆ နှစ်ကျော်ကြာ ကျခံစေပြီး ယခုနှစ်မှာသက်တမ်းပြည့်လို့ ပြန်လည်လွတ်မြောက် လာခြင်းဖြစ်သည်။ သူ့ကို ထိန်းသိမ်း ထားခဲ့တာဟာ တရားဥပဒေနှင့် လုံးဝညီညွတ်ခြင်းမရှိကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ သိရပါသည်။ သူ့အနေနှင့် ဒီပဲယင်း ကိစ္စကို စုံစမ်းအရေးယူပေးဖို့ကိုတော့ သိသိသာသာ တောင်းဆိုပြောသွားခြင်း မရှိသေးဘူးလို့လည်း ပြောကြသည်။
ဦးတင်ဦး၏ ပထမဆုံးနိုင်ငံရေးလှုပ်ရှားမှုအနေနှင့် ရုံးလုပ်ငန်းတာဝန်များစတင်ထမ်းဆောင်နေပြီး မကြာခင်က မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စာလှယ် မစ္စတာ ကင်တာနားနှင့်လည်း အစိုရးရဲ့ ဧည့်ဂေဟာမှာ လက်ခံတွေ့ဆုံခွင့်ရခဲ့ပါသည်။ သို့သော် အထူးကိုယ်စာလှယ်အနေဖြင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုဖို့ တောင်းခံခဲ့ပေမယ့် အကြောင်းပြန်ကြားချက်မရပဲ ခရီးစဉ်ကို အဆုံးသတ်ခဲ့ရသည်။
ကျင်းပခဲ့သည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားမှာ ဦးတင်ဦးအတွက် ရ နှစ်တာနီးပါး ကာလအတွင်း တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် တနေရာတည်း စုံစုံလင်လင် လွတ်လွတ်လပ်ပ် တွေ့ဆုံဆွေးနွေးခွင့်ရသည့် ပထမဆုံးသော အခမ်းအနား ဖြစ်ကြောင်း သိရသည်။ အန်အယ်လ်ဒီပါတီဝင်အများစုအနေနှင့် ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်မလွှတ်ခဲ့ရင်တောင် ယခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ၄င်းတို့ပါတီပါဝင်ယှဉ်ပြိုင်မယ် မယှဉ်ပြိုင်ဘူးဆိုတာကို ဦးတင်ဦးနှင့် စီအီးစီအဖွဲ့ဝင်တို့အနေနှင့် အဆုံးအဖြတ်တခုခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း စုံစမ်းသိရှိရသည်။