ဗုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး ဆေးရုံတင်ထားရ

ဗုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး ဆေးရုံတင်ထားရ
by -
မိကျလွန်းထော
မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာတွင် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က ကျေးရွာဥက္ကဌ ဦးသက်ချို နေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက် ဒဏ်ရာရရှိကာ ဒူးယားတိုက်နယ်ဆေးရုံ၌...

မွန်ပြည်နယ်၊ ရေးမြို့နယ် ဒူးယားကျေးရွာတွင် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က ကျေးရွာဥက္ကဌ ဦးသက်ချို နေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက် ဒဏ်ရာရရှိကာ ဒူးယားတိုက်နယ်ဆေးရုံ၌ တင်ထားရသည်ဟု သိရသည်။

“ထိသွားတဲ့သူကတော့ ယောကျာင်္းလေး၊ အသက်က ၁၈ နှစ်ကျော်လောက်ပဲရှိတယ်၊ ဥက္ကဌရဲ့သားတော့မဟုတ်ဘူး၊ အဲဒီအိမ်မှာ လာလည်ရင်းနဲ့ ထိသွားတာ၊ ကျောကုန်းကိုထိသွားတာလို့ ပြောတယ်၊ အခု ဒူးယားဆေးရုံမှာ ဆေးကုသခံယူနေတယ်” ဟု ဒူးယားရွာခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုမှာ တစ်ယောက်ယောက်က ဥက္ကဌအိမ်ကို လုပ်ကြံလို၍ အိမ်ခြံအပြင်ဘက်မှ လှမ်းပြစ်ခဲ့ကြောင်း၊ ထိုလုပ်ကြံသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို ယခုအချိန်အထိ မသိရှိရသေးကြောင်း ၄င်းရွာခံက ဆက်ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်မှာ ရေးမြို့မှ တပ်မမှူး ချိုထွန်းအောင်နှင့် တပ်သား ၃/၄ဦးတို့ရောက်ရှိလာပြီး၊စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဥက္ကဌအိမ်နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“ဗုံးပေါက်ပြီးမကြာပါဘူး စစ်သားတွေရောက်လာတယ်၊ ကျမတို့လည်း အစစ်အဆေးခံရမှာကြောက်လို့ အိမ်တံခါးတွေ မြန်မြန်ပိတ်လိုက်ရတယ်” ဟု ၄င်းအိမ်ရှင်က ပြောသည်။

ဦးသက်ချိုသည် ၄င်းကျေးရွာတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သည်မှာ ၈ နှစ်ကျော်ကြာခဲ့ပြီး၊ ခြံလုပ်ငန်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ဥက္ကဌ၏ဇနီး ဒေါ်ခင်သန်းဌေးဖြစ်သူက အိမ်မှာ အထည်အလိပ်ရောင်းနေပြီး၊ သားတစ်ဦး သမီးတစ်ဦးရှိကြောင်း မလေးရှားရောက် ဒူးယားရွာသားတစ်ဦးက ဆိုသည်။

“သူက ကျေးရွာဥက္ကဌလုပ်တာ ကြာနေပြီး၊ သူ့ကိုနှစ်သက်တဲ့လူရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်၊ အခုလိုဖြစ်သွားတာက သူ့ကိုမနှစ်သက်တဲ့သူက လုပ်လိုက်တာနေမှာပါ” ဟု ၄င်းက ပြောသည်။

Most read this week