ရာဘာ ခုတ်လှဲခွင့်နှင့် ရာဘာသစ်သားထုတ်လုပ်ရောင်းချခွင့်အတွက် ငွေပေးနေရ

ရာဘာ ခုတ်လှဲခွင့်နှင့် ရာဘာသစ်သားထုတ်လုပ်ရောင်းချခွင့်အတွက် ငွေပေးနေရ
by -
တော်လဝီ
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်များမှ ရာဘာခြံရှင်များ၏ အပင်အိုများကို ခုတ်လှဲလိုလျှင်နှင့် ခုတ်လှဲပြီးသော အပင်များ သစ်သားအဖြစ် ထုတ်လုပ်ရောင်းချခွင့်ရနိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင် များထံ...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ အထူးသဖြင့် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်များမှ ရာဘာခြံရှင်များ၏ အပင်အိုများကို ခုတ်လှဲလိုလျှင်နှင့် ခုတ်လှဲပြီးသော အပင်များ သစ်သားအဖြစ် ထုတ်လုပ်ရောင်းချခွင့်ရနိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင် များထံ ငွေပေးနေရသည်။

“ရာဘာပင်တွေက မျိုးဟောင်းတွေဖြစ်ပြီးတော့ အပင်တွေကလည်း နှစ်သုံး ဆယ်ကျော်သွားပြီး၊ အစေးလည်းမထွက်လို့ ခုတ်လှဲချင်တာပေါ့၊ အသစ်ပြန်စိုက်ဖို့ ခုတ်လှဲခွင့်တောင်းခံတာကို ငွေတော်တော်ပေးရတယ်၊ တစ်ဧကကို အနည်းဆုံး နှစ်သောင်းကျော်ကျော်ပေးရတယ်၊ ငွေပေးတယ်ဆိုပေမယ့်လည်း ခုတ်ခွင့်ရဖို့က နှစ်ချီစောင့်ရတယ်” ဟု ဝဲကလီကျေးရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

ခုတ်လှဲပြီး ရာဘာပင်စည်မှ ရာဘာသား (Rubber Wood) အဖြစ်ရောင်းချခွင့် ရရှိစေရန် မြို့နယ်သစ်တော ဦးစီးဌာနထံ တင်ပြပြီးမှ ရာဘာသစ်အဖြစ် ရောင်း ချခွင့်ရှိသည်။ ရာဘာပင်အရွယ်အစားအလိုက် ဒါမှမဟုတ် ရာဘာသစ် တန်ချိန် အလိုက် အပင်အရေအတွက် အနည်းအများအပေါ်မူတည်ပြီး တစ်ဧကကို တစ်သောင်းခွဲမှ နှစ်သောင်းကျော်ထိပေးနေရသည်ဟု အထက်ပါ ခြံရှင်က ဆက်ရှင်းပြသည်။

ရာဘာပင်သည် နိုင်ငံတော်၏စီမံကိန်းဝင် စက်မှုကုန်ကြမ်းပင်ဖြစ်ပြီး ရာဘာ တို့ချဲ့စိုက်ပျိုးလိုခြင်း၊ အပင်အိုခုတ်လှဲလိုခြင်းတို့ကို သက်ဆိုင်ရာဌာနသို့ အဆင့်ဆင့် တင်ပြတောင်းခံရသည်။

မြို့နယ်မယက၊ မြို့နယ်စိုက်ပျိုးရေး၊ မြို့နယ်မြေစာရင်း၊ မြို့နယ်နှစ်ရှည်ပင်ရုံး စသည့်ဌာ နများ ပါဝင်ခုတ်လှဲခွင့်ကော်မတီကို တင်ပြပြီး၊ ခုတ်လှဲခွင့်အမိန့်ကျလာမှ ခုတ်လှဲခွင့်ရ သည်ဟု စိုက်ပျိုးရေးအရာရှိဟောင်းတစ်ဦးက ပြောသည်။

“ရာဘာခုတ်လှဲခွင့်ကိုတော့ ခုတ်လှဲခွင့်ကော်မတီအဆင့်ဆင့် တင်ပြပေးထားပြီးရင် ချက်ချင်းကျမလာပါဘူး၊ ဘယ်အချိန်ပဲကျကျ ခြံရှင်က စိုက်ချိန်ရောက်ရင် စိုက် လိုက်တာပဲ၊ ရာဘာသစ်ရောင်းချခွင့်ကိုတော့ သစ်တောဌာနအပြင် သက်ဆိုင်ရာ နယ်မြေတပ်ရင်းက ခွင့်ပြုအမိန့်ကိုပါ သစ်တောဌာနကတဆင့် တောင်းခံရသေး တယ်၊ ရာဘာပင်စည်ကို ခြံရှင်ကရောင်းပြီး ကိုင်းဖျား ကိုင်းနားကို တပ်ရင်းအတွက် အုတ်ဖုတ်ဖို့ဆိုပြီး အလကားပေးနေရတာလည်းရှိတယ်” ဟု မုဒုံမြို့မှ ရာဘာ သစ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရာဘာသစ်တစ်တန်၏ စျေးနှုန်းသည် ရိုးရိုးဆိုလျှင် ကျပ်နှစ်သိန်းဖြစ်ပြီး၊ ပြုပြင်ပြီး အဆင့်မှာ တစ်တန် ကျပ်သုံးသိန်းခန့်ရရှိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

ရာဘာပင်ကို အောက်မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီတိုင်း တို့တွင် အများဆုံးစိုက်ပျိုးထားပြီး၊ တနိုင်ငံလုံးတွင် စိုက်ဧကပေါင်း ၉ သိန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ရာဘာပင်မှ ရာဘာသစ်ထုတ်လုပ်မှုကို ရာဘာခြံရှင်များက မိမိသတ်မှတ် စျေးမ ဟုတ်သည့် စစ်တပ်ပိုင်သစ်စက်နှင့် စစ်တပ်နှင့်နီးစပ်သည့် သစ်လုပ် ငန်းရှင်များ၏ သတ်မှတ်စျေးနှုန်းဖြင့်သာ ရောင်းချရပါသည်။

ပြည်ပပို့ကုန်အဖြစ် ပြုပြင်ပြီးသော ရာဘာသစ် (Rubber Wood) ၏ စျေးနှုန်းနှင့် ရောင်းချပြီး ရရှိသည့်ဝင်ငွေကို အစိုးရက ထုတ်ပြန်ပေးတာမျိုးမရှိဟုလည်း အထက်ပါ စိုက်ပျိုးရေး အရာရှိဟောင်းက ပြောသည်။

Most read this week