မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသောနေရာ ၈၀ ကျော်၌ စိုက်ထူပြီးဖြစ်သော မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာများမှ ပယ်ဖျက်ခံရသော မြန်မာစာသားများကို မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ ပယ်ဖျက်ပေးခဲ့သော်လည်း ပိုစတာပါ အကြောင်းအရာနှင့် ပတ်သက်သည့် စာတမ်းကိုမူ အခမ်းအနားတွင် ဖတ်ကြားရန် ပြည်နယ်အာဏာပိုင်များအား တင်ပြထားကြောင်း သိရသည်။
“ကျနော်တို့က မြေစိုက်ပိုစတာအားလုံးက ဖျက်ခိုင်းတဲ့ ဗမာစာသားကို လွန်ခဲ့တဲ့အပတ်ကတည်းက ဖျက်ပေးပြီးပါပြီ၊ ဒါပေမယ့် ပိုစတာအကြောင်း ရေးထားတဲ့ မွန်ဘာသာစာတန်းကို အခမ်းအနားမှာ ဖတ်မယ့်အကြောင်း အခမ်းအနားအစီအစဉ်ကို ကျနော်တို့ နောက်တစ်ကြိမ် ထက်တင်ထားတယ်” ဟု မုဒုံမြို့မှ မွန်အမျိုးသားနေ့ ဗဟို ကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကျရောက်မည့် ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို အခမ်းအနားအစီအစဉ်ကို ယခုလ ၁၂ ရက်နေ့တွင် ပြည်နယ်အာဏာပိုင်များအား နောက်တစ်ကြိမ် တင်ပြထားကြောင်း၊ ပိုစတာမစိုက်ထူမီ တစ်ပတ်ခန့်အလို ဒီဇင်ဘာလလယ်တွင် ပထမအကြိမ် တင်ပြထားကြောင်း သိရသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပရာ မြို့နယ်နှင့် တိုက်နယ်များတွင် မြေစိုက်ပိုစတာကို စတင်စိုက်ထူခဲ့ပြီး ၂၉ ရက်နေ့တွင် ၄င်းပိုစတာနှင့် ပတ်သက်၍ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများအား ပြည်နယ်အာဏာပိုင်တို့က ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရသည်။
ပယကမှ ခေါ်ယူဆွေးနွေးစဉ်တွင် ပိုစတာပါ မွန်မြန်မာစာသားအနက် မြန်မာဘာသာကို ပယ်ဖျက်ပေးရန်၊ ပိုစတာပါ အကြောင်းအရာများကို အခမ်းအနားတွင် မဖတ်ကြားရန်၊ အခမ်းအနားအတွင်း ဖြန့်ဝေမည့် သုဝဏ္ဏဘုမ္မိအကြောင်း စာတမ်းမှ ပိုစတာပါစာပိုဒ် တစ်ပိုဒ်ကို ပယ်ဖျက်ပေးရန်တို့ကို ညွှန်ကြားထားခဲ့ကြောင်း သိရသည်။
“ပိုစတာမှာ ရေးထားတဲ့စာသားဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး ဖျက်ခိုင်းတယ်၊ ဒါပေမယ့် ဗမာစာသားသက်သက်ပါ” ဟု မော်လမြိုင်မြို့မှ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောသည်။
အရှေ့တောင်အာရှဒေသတခုလုံးသည် သုဝဏ္ဏဘူမိဒေသတွင် အကျုံးဝင်သည်။ သက္ကရာဇ် ၁၀၅၇ တွင် သထုံဒေသ တိုက်ခိုက်ခံရပြီး အမျိုးသားအမွေအနှစ်အားလုံး ဆောင်ကြဉ်းသွားခြင်း ခံရသော်လည်း သုဝဏ္ဏဘူမိ နန်းစဉ် ဗုဒ္ဓရုပ်ပွားတော်ကိုကား ပင့်ဆောင်သွားခြင်း မပြုနိုင်ခဲ့ချေ” ဖြစ်သည်။
မြေစိုက်ပိုစတာတွင် အထက်ပါ စာသားကို အဓိပ္ပါယ်တူ မွန်မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားပြီး သုဝဏ္ဏဘူမိ နန်းစဉ်ဗုဒ္ဓရုပ်ပွားတော်ပုံ၊ ပင်လယ်ခရီးဖြင့် ကူးသန်း ရောင်းဝယ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသော မွန်လူမျိုးတို့၏ သင်္ကေတ သဘောင်္ပုံနှင့် သုဝဏ္ဏဘူမိ ဒေသပြမြေပုံတို့ဖြင့် သရုပ်ဖော်ရေးဆွဲထားသည်။
ပထမဟံသာဝတီ မွန်နိုင်ငံတော် စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၄၆ ခု နှစ်ကုန်ပိုင်းတွင် ယခင်ကျိုက္ခမီခရိုင်၊ ယခု သံဖြူဇရပ်မြို့နယ် ပငကျေးရွာ မွန်အမျိုးသာညီလာခံမှ ဆုံးဖြတ်ချက်ချခဲ့ပြီး ကောဇာသက္ကရာဇ် ၁၃၀၉ ခုနှစ် (ခရစ်နှစ် ၁၉၄၇) တွင် မွန်အမျိုးသားနေ့ကို စတင်ကျင်းပခဲ့သည်။
လွန်ခဲ့သည့်နှစ် (၆၂) နှစ်ကြိမ်မြောက် မွန်အမျိုးသားနေ့ သဘာပတိမိန့်ခွန်းပါ စာပိုဒ်အချို့နှင့် မွန်စာပေဆိုင်ရာစာတမ်းမှ စာပိုဒ်အချို့ကို အခမ်းအနားတွင် မဖတ်ကြားရန် အာဏာပိုင်များက လာရောက်တားမြစ်ခဲ့ပြီး၊ မဖတ်ကြားပါဟုလည်း ခံဝန်ကတိလက်မှတ် ရေးထိုးပေးခဲ့ရဘူးသည်။ သို့သော်လည်း မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာပါ စာသားများကိုမူ ပယ်ဖျက်ခိုင်းခြင်း မရှိခဲ့ပေ။
မွန်အမျိုးသားနေ့ ကျင်းပခဲ့သော သက်တမ်းတလျှောက်တွင် မြေစိုက်ပိုစတာပါ စာသားကို ပယ်ဖျက်ခိုင်းခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။