ရဟန်းတော်တစ်ပါးကို ဖမ်းဆီးပြီးနောက် ဒါယကာတစ်ဦးကို ထပ်မံဖမ်းဆီး

ရဟန်းတော်တစ်ပါးကို ဖမ်းဆီးပြီးနောက် ဒါယကာတစ်ဦးကို ထပ်မံဖမ်းဆီး
လွန်ခဲ့သည့် သီတင်းပတ် ကြာသပတေးနေ့တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ အဖမ်းခံရသည့် သံဃာတော် အရှင်ဥက္ကံသနှင့် ဆက်နွယ်ပတ်သက်သည်ဟူသော သံသယဖြင့် ထိုအရှင်၏ ဒါယကာတစ်ဦးကို အာဏာပိုင်တို့က ယခုတနင်္လာနေ့တွင် ထပ်မံဖမ်းဆီးလိုက်သည်ဟု...

လွန်ခဲ့သည့် သီတင်းပတ် ကြာသပတေးနေ့တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ အဖမ်းခံရသည့် သံဃာတော် အရှင်ဥက္ကံသနှင့် ဆက်နွယ်ပတ်သက်သည်ဟူသော သံသယဖြင့် ထိုအရှင်၏ ဒါယကာတစ်ဦးကို အာဏာပိုင်တို့က ယခုတနင်္လာနေ့တွင် ထပ်မံဖမ်းဆီးလိုက်သည်ဟု သိရသည်။

အရှင်ဥက္ကံသနှင့် ယခုအဖမ်းခံရသည့် ကိုမင်းအောင်တို့မှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းရွာသားများ ဖြစ်ကြပြီး ငယ်သူငယ်ချင်းများ ဖြစ်ကြသော်လည်း အရှင်ဥက္ကံသ အဖမ်းခံရမှုနှင့် မည်ကဲ့သို့ ဆက်နွယ်ပတ်သက်သည်ကိုမူ မည်သူတစ်ဦးတစ်ယောက်မှ မသိရှိကြသေးပေ။

မကြာသေးမီလများကပင် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရာမှ ပြန်ရောက်လာသော အသက် ၂၇ နှစ် အရွယ်ရှိ ကိုမင်းအောင်သည် တောင်ကိုးရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ပြီး အရှင်ဥက္ကံသ အဖမ်းခံရမှုနှင့် သက်ဆိုင်ရန် မဖြစ်နိုင်ကြောင်း ၄င်းနှင့်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက ပြောသည်။

၄င်းက “မွန်ကျိုက်စွန်း (ကိုမင်းအောင်) ဟာ ကျနော်သိသလောက်ဆို စီးပွားရေးကိုပဲ စိတ်ဝင်စားတယ်၊ သူကရွာမှာပဲ အနေများတယ်၊ အခုသူ့ကို လာဖမ်းတုန်းက ဦးဇင်းဇော်လတ် (အရှင်ဥက္ကံသ) နဲ့ ပတ်သက်ပြီး ဖမ်းတယ်လို့ သူတို့ (အာဏာပိုင်) တွေက ပြောတယ်။ ကျနော်သိသလောက်ဆို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ရေးမြို့ဘက်မှာ ရဟန်းခံပွဲ အလှူရှိလို့ ဦးဇင်းကို သူလိုက်ပို့တာ ရှိတယ်၊ ဒါကို သံသယရှိလို့ သူ့ကိုဖမ်းတာလား၊ ဦးဇင်းကို နိုင်ငံရေးနှင့် ဖမ်းတယ်ဆိုရင်တောင် သူ (ကိုမင်းအောင်) နဲ့ မပတ်သက်ဘူးလို့ပဲ ကျနော်ပြောချင်တယ်” ဟု ပြော သည်။

ယခု ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ရဲအပါအဝင် အဖွဲ့ပေါင်းစုံမှ လူ ၁၀ ဦးခန့်က ကိုမင်းအောင်အား နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး ယခု အချိန်ထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် သိရှိခွင့်မရသေးကြောင်း ၄င်း၏ ဆွေမျိုးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ရ ရက်နေ့ ညနေ ၂ နာရီခွဲခန့်တွင် အရှင်ဥက္ကံသအား သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် ရဲများက ဖမ်းဆီးခဲ့ပြီး ၁၀ ရက်နေ့တွင် ရန်ကုန်သို့ ပို့လိုက်ပြီကြောင်း နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးစဉ်တွင် လက်ဆွဲကွန်ပျူတာတစ်လုံး၊ ဗွီဒီယိုကင်မရာတစ်လုံး၊ ဒစ်ဂျစ်တယ်အိတ်ဆောင်ကင်မရာတစ်လုံးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာရွက် ၄ ရွက်နှင့်အတူ အဖမ်းခံရသည်ဟု နီးစပ်သူများထံမှ သိရသည်။

သက်တော် ၂၈ နှစ်ရှိ အရှင်ဥက္ကံသသည် မုဒုံမြို့နယ် နိုင်လှုံကျေးရွာ အောင်ဇေယျပရိယတ္တိစာသင်တိုက်တွင် လက်ထောက်စာချဆရာတော်တစ်ပါး ဖြစ်ပြီး ထိုကျောင်း တွင် သီတင်သုံးခဲ့သည်မှာ ၅ နှစ်ကျော်ပြီ ဖြစ်ကြောင်း သီတင်းသုံးဖော်တစ်ပါးထံမှ သိရသည်။

အဖမ်းခံရသည့် ညတွင်ပင် မုဒုံမြို့ရှိ ရဲနှင့် အဖွဲ့ပေါင်းစုံမှ အယောက် ၃၀ ခန့် အထက်ပါစာသင်တိုက်သို့ လာရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး ကွန်ပျူတာအပိုပစ္စည်းနှင့် သူ၏အသုံးအဆောင် စာရွက်စာတမ်းများကို သိမ်းဆည်းသွားခဲ့သည်ဟုလည်း သိရသည်။

ထိုစာသင်တိုက်မှ ထိုအရှင်သီတင်းသုံးသည့် ကျောင်းကို လာရောက်ရှာဖွေစစ်ဆေးသည့်ညမှ ယနေ့ထိ အာဏာပိုင်တို့က သော့ခတ်ချိပ်ပိတ်ထားပြီး နေ့စဉ် လာရောက်စောင့်ကြည့်နေကြောင်း ကျောင်းဒါယကာတစ်ဦးက ပြောသည်။

Most read this week