မွန်ပြည်နယ် မုဒုံမြို့ရှိ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားပြင်ဆင်ရန်အတွက် မုဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ဓါတ်ဆီဆိုင်၊ ဆန်ကြိတ်စက် ပိုင်ရှင်များထံ၌ ငွေကြေး လိုက်လံကောက်ခံနေသည်ဟု သိရသည်။
လွန်ခဲ့သော ဒီဇင်ဘာ ၂၃ ရက်နေ့တွင် မီးသတ်တပ်ဖွဲ့မှ မုဒုံမြို့တွင်းသာမက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်လျှင် ၁ သောင်းကျပ်၊ ဓါတ်ဆီဆိုင်တစ်ဆိုင်လျှင် ၅၀၀၀ ကျပ်နှင့် ဆန်ကြိတ်စက်တစ်လုံးလျှင် ၁ သောင်းကျပ် ကောက်ခံနေသည်ဟု မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ဓါတ်ဆီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဟိုအဖွဲ့ကောက်လိုက် ဒီအဖွဲ့ကောက်လိုက်နဲ့ စိတ်ကုန်သွားပြီး၊ ဆီတစ်ပုလင်းရောင်ရတာမှ ၅၀၀ ကျပ်ဘဲ၊ သူတို့ကိုအကောက်ပေးတာနဲ့ပဲ ကုန်တယ်၊ မီးသတ်ကား ပြင်တယ်လို့တော့ ပြောတာပဲ၊ မီးလောင်လို့ မီးသတ်ကားသွားတာလည်း မမြင်ပါဘူး၊ သူတို့စားဖို့ပဲ နေမှာပါ” ဟု ၄င်းက ပြောသည်။
မုဒုံမြို့ရှိ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးကလည်း “စားသောက်ဆိုင်တွေများလာတော့ ရောင်းအားက မကောင်းတော့ဘူး၊ သူတို့ (မီးသတ်အဖွဲ့) အတွက်က အကောက်အများကြီးရတယ်၊ ကျွန်မတို့က ရောင်းမကောင်းလို့ ဆိုင်ပိတ်ရတော့မယ်” ဟု ပြောသည်။
ယခုလက်ရှိ မုဒုံမြို့တွင် မီးသတ်ကား ၅ စီး ရှိပြီး၊ မုဒုံမြို့နယ် ကမာဝက်ကျေးရွာတွင် ၃ စီး ရှိသည်။ ၄င်း ၃ စီး အနက် ၂ စီးမှာ ကမာဝက် ဘုန်းတော်ကြီးကျောင်းမှ မကြာသေးမှီက လှူဒါန်းထားသော မီးသတ်ကားဖြစ်ပြီး ကျန်တစ်စီးမှာ ကျေးရွာ ကိုယ့်အားကိုယ်ကိုး မီးသတ်ကား ဖြစ်သည်။ ယခု ငွေကြေးကောက်ခံနေသည်မှာ မုဒုံမြို့ပေါ်ရှိ မီးသတ်ကား ပြင်ဆင်ရန်အတွက် ကောက်ခံခြင်းဖြစ်သည်ဟု သိရသည်။
မုဒုံမြို့ပေါ်ရှိ ဆန်စက်ပိုင်ရှင်တစ်ဦးက “ဒီနှစ်က စပါးပိုးထိတာများလို့ စပါးကြိတ်တဲ့သူတောင် သိပ်မရှိဘူးဗျ၊ အခု ပိုက်ဆံလာကောက်လို့ ၁ သောင်းပေးလိုက်ရပြီ၊ ကိုယ့်စီးပွားရေးအခြေအနေ သူတို့ သိတာမဟုတ်ဘူး” ဟု ဆိုသည်။
|
မုဒုံမြို့နယ်ရှိ ကျေးရွာပေါင်း (၄၂) ရွာကို ယခုနှစ်မှစ၍ မီးသတ်တပ်ဖွဲ့များ စတင်ဖွဲ့စည်းစေပြီး မီးသတ်သင်တန်းများ ပေးနေသော်လည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်ရုံးသိမ်းသွင်းခြင်းသာ ဖြစ်သည်ဟု မုဒုံမြို့ရှိ နိုင်ငံရေး လေ့လာနေသူ တစ်ဦးက ဆိုသည်။
“သူတို့လူ ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းနေတာပါ၊ ပြီးတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြန်အသုံးပြုဖို့အတွက် ဖြစ်တယ်၊ အခုလည်း ပိုက်ဆံကောက်ပြန်ပြီး” ဟု ၄င်း၏ အမြင်ကို ပြောသည်။
မီးသတ်ကားပြင်ရန်အတွက် မုဒုံမြို့နယ်တွင် ငွေကြေးကောက်ခံနေသည်မှာ ယခုနှစ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
လွန်ခဲ့သော ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့အတွင်းရှိ ကားပိုင်ဆိုင်ရှင်များထံ၌ သံဖြူဇရပ်မြို့ရှိ မီးသတ်ကားပြင်ရန်အတွက် ရပ်ကွက်ဥက္ကဌများ ငွေကြေးကောက်ခံခဲ့သည်။