ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်အတွင်း ပြေးဆွဲနေသော ကားပိုင်ရှင်များကို မထသမှ ယမန်နေ့တွင် အစည်းအဝေးခေါ်ယူကာ ငွေကြေးတောင်းခံခဲ့သည်ဟု သိရသည်။
ဘုရားသုံးဆူမြို့ရှိ စစ်တပ်များ တပ်ပြောင်းရန်အတွက် ကားပိုင်ရှင်များထံမှ ကားများကို စစ်တပ်မှ ချောဆွဲခေါ်ယူခြင်း မပြုပဲ၊ ၄င်းအစား ငွေကြေးတောင်းခံခြင်း ဖြစ်သည်ဟု ကားပိုင်ရှင်တစ်ဦးက ပြောသည်။
ကားပိုင်ရှင်ထံမှ ကောက်ခံရရှိထားသော ငွေကြေးများဖြင့် တပ်ပြောင်းရာတွင် ကားများကို ငှားရမ်းမည်ဟု မထသ ဥက္ကဌ ဦးကျော်မင်းမှ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သော ကားပိုင်ရှင်တစ်ဦးက ပြောသည်။
“ပထမဆုံး ၁၀ ဘီးကားသမားတွေကို အစည်းအဝေး အရင်ခေါ်တယ်၊ အစည်းအဝေးတက်ဖို့ ကားရှိတဲ့အိမ်တွေကို မထသတွေက နေပြီးတော့ ဖိတ်စာလိုက်ဝေထားတာပေါ့၊ ဖိုးဝီးကားတွေကျတော့ ဒီနေ့အစည်းအဝေးခေါ်မယ်လို့ ကြားတယ်၊ မြို့တွင်းမှာ ဆွဲနေတဲ့ ကားငယ်တွေလည်း အစည်းအဝေးတက်ဖို့ ခေါ်ထားတယ်” ဟု ၄င်းက ပြောသည်။
ထိုသို့ကားပိုင်ရှင်ထံမှ ငွေကြေးကောက်ခံရာတွင် ဆယ်ဘီးကားတစ်စီးလျှင် ဘတ် ၃၀၀၀ ပေးဆောင်ရပြီး ဖိုးဝီးလေးဘီးကားတစ်စီးလျှင် ၁၅၀၀ ဘတ် ပေးဆောင်ရသည်ဟု ၄င်းက ဆက်ပြောသည်။
ဘုရားသုံးဆူမြို့နယ်အတွင်း ပြေးဆွဲနေသော ၁၀ ဘီးကား အစီးရေ ၅၉ ခန့်ရှိပြီး ဖိုးဝီးကားများမှာ အစီးရေ ၄၀ ခန့်ရှိသည်ဟု အခြားကားပိုင်ရှင်တစ်ဦးက ပြောသည်။ မထသမှ တောင်းခံထားသည့် ငွေကြေးကိုမူ မနက်ဖြန်တွင် မထသရုံးသို့ သွားရောက်ပေးဆောင်ရမည်ဟု ဆယ်ဘီးကားပိုင်ရှင်တစ်ဦးက ပြောသည်။
စစ်တပ်ရိက္ခာအတွက် ကားများကို မကြာခဏ ချောဆွဲခံရသော်လည်း ယခုကဲ့သို့ ကားပိုင်ရှင်များကို အစည်းအဝေးခေါ်ပြီး ငွေကြေးတောင်းခံသည့် လုပ်ရပ်မျိုးမရှိခဲ့ကြောင်းနှင့် ယခုအကြိမ်သည် ပထမအကြိမ် ဖြစ်သည်ဟု ဆိုသည်။