မော်တော်ဆိုင်ကယ်လိုင်စင် အသစ်တစ်မျိုးပေါ်

မော်တော်ဆိုင်ကယ်လိုင်စင် အသစ်တစ်မျိုးပေါ်
by -
မင်းသုခ မင်းအဲ
ရန်ကုန်နှင့် နေပြည်တော်မှလွဲပြီး မြန်မာပြည်အနှံ့သွားနိုင်သည့် (၁၇/ယ) မော်တော်ဆိုင်ကယ်လိုင်စင် အသစ်တစ်မျိုးကို ပြည်နယ်နှင့် တိုင်းအလိုက် သက်ဆိုင်ရာမြို့နယ်ရှိ အစိုးရအဖွဲ့အစည်းတို့က ယခုဒီဇင်ဘာလ ၁ ရက်နေ့ ...

ရန်ကုန်နှင့် နေပြည်တော်မှလွဲပြီး မြန်မာပြည်အနှံ့သွားနိုင်သည့် (၁၇/ယ) မော်တော်ဆိုင်ကယ်လိုင်စင် အသစ်တစ်မျိုးကို ပြည်နယ်နှင့် တိုင်းအလိုက် သက်ဆိုင်ရာမြို့နယ်ရှိ အစိုးရအဖွဲ့အစည်းတို့က ယခုဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၁၀ ဇန်နဝါရီလကုန်ထိ ပြုလုပ်ပေးမည် ဖြစ်သည်။

ယခုပြုလုပ်ရမည့်လိုင်စင်သည် ယမန်နှစ်က မွန်ပြည်နယ်တွင် ပြုလုပ်ထားသည့် မလမလိုင်စင်နှင့်မတူပေ။ မလမလိုင်စင်သည် မွန်ပြည်နယ်အတွင်းသာ သွားလာခွင့်ရှိသည်။

ယခုပြုလုပ်ပေးနေသည့် (၁၇/ယ) လိုင်စင်ပြုလုပ်ခ အဆမတန်များနေသည့်အတွက် ထိုလိုင်စင်ကို ပြုလုပ်သူနည်းပါးနေသည်ဟု သိရသည်။

“လိုင်စင်လုပ်ခကတော့ ဆိုယ်ကယ်တစ်စီးစာဝယ်တဲ့စျေးနှုန်းနဲ့ သိပ်မကွာဘူး၊ အဲကြောင့်မို့ လုပ်တဲ့လူတွေနည်းတယ်၊ မလမလုပ်တုန်းကတော့ သိပ်များတော့ လုပ်တဲ့လူတွေ တိုးနေရောပဲ၊ အခုဆို သူတို့စလုပ်ပေးတဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာဆိုရင် ၃/၄ ယောက်လောက်ပဲလာလုပ်တယ်” ဟု (၁၇/ယ) လိုင်စင်ကို ကိုယ်တိုင်သွားလုပ်ခဲ့သူတစ်ဦးက ပြောသည်။

ယခုအသစ်ပြုလုပ်ပေးနေသည့် (၁၇/ယ) လိုင်စင်ကို မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့တစ်နေရာ၌သာ ပြုလုပ်ပေးမည်ဖြစ်ပြီး၊ နယ်မှ ၄င်းလိုင်စင်ကို ပြုလုပ်ချင်သူများလည်း မော်လမြိုင်မြို့ပေါ်၌သာ လာရောက် ပြုလုပ်ရမည် ဖြစ်သည်။

(၁၇/ယ) လိုင်စင်ပြုလုပ်ရာတွင် မော်တော်ဆိုင်ကယ် (Model) ပေါ် မူတည်ပြီး ငွေကြေးကုန်ကျမည် ဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ ယခုချိန်ထိ အသစ်ပေါ်သည့် ဆိုင်ကယ်များကို (၆၂၀၀၀၀) ကျော် ကုန်ကျမည် ဖြစ်ပြီး၊ ၂၀၀၆ မတိုင်ခင်က ပေါ်သည့် ဆိုင်ကယ်များကို (၃၀၀၀၀၀) နှင့် (၄၀၀၀၀၀) ကြား ကုန်ကျမည် ဖြစ်သည်။

“အကုန်သွားလို့ရတယ်ဆိုတာက ဟုတ်ပါပြီး၊ လုပ်ခကများနေတော့ ဘယ်သူမှမလုပ်ချင်ကြဘူး၊ လုပ်တဲ့လူတွေ မရှိသလောက်ကို နည်းတာ၊ မနှစ်က မလမလုပ်တုန်းကနဲ့စာရင်ပေါ့” ဟု အထက်ပါ လိုင်စင်လုပ်ခဲ့သူက ဆက်ပြောသည်။

မလမလိုင်စင် ပြုလုပ်ထားသူများလည်း (၁၇/ယ) လိုင်စင် ပြုလုပ်နိုင်ပြီး၊ မလမလိုင်စင်ရှိသူတို့က (၁၇/ယ) လိုင်စင် ပြောင်းလဲပြုလုပ်ရန်အတွက် ငွေ (၂၅၀၀၀) ကျပ် ကုန်ကျမည် ဖြစ်သည်။

(၁၇/ယ) လိုင်စင်ကိုလုပ်သူနည်းသည့်အတွက် အချို့မြို့ပေါ်ရှိ မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့ (မော်တော်ဘီကယ်) တို့က ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်များကို ရပ်ခိုင်းပြီး လိုင်စင်ရှိမရှိ စစ်ဆေးနေသည်။ လိုင်စင်မရှိသူများကို ငွေ (၅၀၀၀) ကျပ်ပေးဒဏ်တပ်ပြီး လိုင်စင်လုပ်ရန်လည်း ညွှန်ကြားထားသည်။

မွန်လူငယ်တစ်ဦးက “အခုဆို မော်တော်ဘီကယ်တွေက ဖမ်းနေပြီ၊ ဖမ်းမိရင်တော့ ဒဏ်ငွေဆောင်ရတယ်၊ ဒဏ်ငွေကတော့ လစ်ရင်လစ်သလိုပဲ၊ တချို့ဆို (၅၀၀၀) (၁၀၀၀၀) (၂၀၀၀၀) ထိကို သူတို့တောင်းတယ်၊ အဓိကကတော့ ဆိုင်ကယ်သမားတွေ လိုင်စင်လုပ်ဖို့ ဒီလိုဖမ်းတာပဲ” ဟု ပြောသည်။

ဒေသခံအများစုက ယခုပြုလုပ်သည့် (၁၇/ယ) လိုင်စင်အသစ်ကို မပြုလုပ်လိုကြောင်း ပြောဆိုနေကြသည်။

“ဒီလောက်များတဲ့ပိုက်ဆံအကုန်ကျခံပြီးတော့ လိုင်စင်လုပ်ရတာ ဘယ်သူမှမလုပ်ချင်ကြဘူး၊ လိုင်စင်လုပ်ထားပေမယ့်လည်း တခါတလေ သွားလာလို့ရှိရင် မော်တော်ဘီကယ်တွေက ရစ်တာပဲ၊ ငွေတောင်းစားတာပဲ၊ တခုမဟုတ်တခု အကြောင်းရှာပြီးတော့ တောင်းတာပဲ၊ အဲဒီတော့ လိုင်စင်လုပ်ထားလည်း အလကားလို ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။