၂၀၀၈ မူကြမ်းမပြင်မချင်း ရွေးကောက်ပွဲ ဝင်မည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော

၂၀၀၈ မူကြမ်းမပြင်မချင်း ရွေးကောက်ပွဲ ဝင်မည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော
by -
မင်းအာသံ
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို မပြင်မချင်း ၂၀၁၀ ရွေးကောက်ပွဲ ဝင်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ စည်းရုံးရေးခရီးစဉ်၌ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က နယ်စပ်ဒေသရှိ သံဃာတော်များနှင့် ဒေသခံများအား ပြောကြား ...

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို မပြင်မချင်း ၂၀၁၀ ရွေးကောက်ပွဲ ဝင်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ စည်းရုံးရေးခရီးစဉ်၌ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က နယ်စပ်ဒေသရှိ သံဃာတော်များနှင့် ဒေသခံများအား ပြောကြားခဲ့သည်ဟု သိရပါသည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်၏ ပြောကြားသည်မှာ “ပါတီက ဗိုလ်ချူပ်ခင်ညွှန့်လက်ထက်မှာ အပစ်အခတ် ရပ်စဲရေး ယူထားတယ်။ အဲဒီတုန်းက သဘောတူထားတဲ့အချက်တွေကို ပြန်သုံးသပ်ကြည့်ရမယ်။ ကြည့်လိုက်တဲ့အခါ ဒီလို နယ်ခြားစောင့်ရယ်၊ ပြည်သူ့စစ်ရယ်၊ လက်နက်ချခိုင်းတာရယ် သဘောတူထားတာမျိုး မရှိဘူး။ နောက်ပြီး ပြည်သူတွေ ရွေးချယ်ထားတဲ့ စစ်မှန်တဲ့အစိုးရသစ်တစ်ရပ် မပေါ်မချင်း ဒီသဘောတူထားတဲ့ အရာမှန်သမျှကို ပြောင်းမယ်မဟုတ်ဘူးလို့ အပစ်အခတ်ရပ်စဲချိန်မှာ စစ်အစိုးရက သဘောတူထားတယ်လို့ ရှင်းပြခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ထောမွန် နှင့် ဗဟိုကော်မတီဝင်တို့ ဦးဆောင်သော စည်းရုံးရေးအဖွဲ့ (၁) ၏ စည်းရုံးရေး ခရီးစဉ်တွင် မြန်မာစစ်အစိုးရ၏ လက်ရှိလုပ်ဆောင်ချက်များးနှင့် ပါတီ၏ လုပ်ငန်းစဉ်တို့ကိုလည်း ရှင်းပြ ခဲ့ကြောင်း သိရသည်။

“မွန်လူမျိုးတို့ရဲ့လက်နက် မွန်လူမျိုးထဲမှာ ရှိရမယ်။ ဒါဟာ ပါတီရဲ့ ရပ်တည်ချက်ပဲ။ စစ်အစိုးရက ၂၀၀၈ မူကြမ်းကိုပဲ ကိုင်ထားတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခက်အခဲ ဖြစ်တာပေါ့။ စစ်အစိုးရက ဒီမူကြမ်းကို မပြင်မချင်း ကျနော်တို့က၂၀၁၀ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူး။ တကယ်လို့များ စစ်အစိုးရက ဘာမှ စဉ်းစားမပေးတော့ပဲ သူတို့သဘောအတိုင်း ဆက်လုပ်သွားမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးဟာ ပျက်လည်း ပျက်သွားနိုင်တယ်” ဟု ဥက္ကဋ္ဌကြီးက ရှင်းပြသွားခဲ့သည်။

မွန်ပြည်သစ်ပါတီ၏ လုပ်ငန်းစဉ်များကို သံဃာတော်များက သဘောကျပြီး မွန်အမျိုးသားတို့၏ လွတ်မြောက်ရေးကိုလည်း တတ်နိုင်သရွေ့ ၄င်းတို့၏ ပါတီနှင့်တပြေးညီ ဝိုင်ဝန်းသွားမည်ဟု ဘုန်းတော်ကြီးတစ်ပါးက ရှင်းပြပွဲတွင် မိန့်ကြားခဲ့သည်။

“မွန်ပြည်သစ်ပါတီရဲ့ လုပ်ရပ်ဟာ ဘုန်းကြီးတို့ရဲ့ လိုအပ်ချက်နဲ့ အတူတူပါပဲ၊ အားလည်း ရပါတယ်။ နောက်ပြီး နအဖ တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုလည်း ပါတီက ငြင်းပယ်လိုက်တယ်ဆိုတော့ သံဃာတော်တွေဘက်က ဘာမှ ပြောစရာ မလိုတော့ပါဘူး” ဟု အထက်ပါ အထက်ပါသံဃာတော်က မိန့်ကြားသည်။

အထက်ပါ သံဃာတော်က “သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် မွန်လူမျိုးတွေဟာ မင်းမျိုးမင်းနွယ်နဲ့ ရှင်သန်လာခဲ့တယ် ဆိုတာကို ဘယ်လိုမှ မေ့လို့မရဘူး၊ နအဖက အခုလိုမျိုး သူ့တို့ရဲ့လက်အောက်မှာ နေဖို့ အတင်းလုပ်ခိုင်းတာကတော့ ဘယ်နည်းမှ မဖြစ်နိုင်ပါဘူး။ မဖြစ်အောင်လည်း ဦးဇင်းတို့ဘက်က ကြိုးစားသွားမှာပဲ”ဟု မိန့်ကြားသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ခဲ့ရသည်။ ၂၀၀၉ နောက်ပိုင်းတွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပြည်သူ့စစ်အသွင်ပြောင်းရေးကိစ္စကြောင့် မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရအကြား သဘောကွဲလွဲလျှက်ရှိကြောင်း သိရပါသည်။

Most read this week