မွန်ခွဲထွက်ရေးတပ်ဖွဲ့သတင်း သွားရောက်ပေးပို့ခြင်း နောက်ကျသည့်အတွက် မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲမှ ကျေးရွာဥက္ကဌတို့အား ရွာမှ ထွက်ခွာသွားရန် ၄င်းမြို့နယ်ခွဲအခြေစိုက် ခလရ ၃၁ တပ်ရင်းမှ အမိန့်ပေးထားသည်။
၄င်းတို့မှာ ကျောက်အိုင် (ဝင်းတမော့) ကျေးရွာဥက္ကဌ၊ တရုတ်ထောက်ကျေးရွာဥက္ကဌနှင့် နိုင်အမင်တို့ ဖြစ်ကြပြီး နိုဝင်ဘာလ ၃-၄ ရက်နေ့အတွင်း ရွာမှ ထွက်ခွာရန် ခလရ ၃၁ က အမိန့်ပေးခဲ့သည်။ ၄င်းတို့သည် မွန်ခွဲထွက်ရေးအဖွဲ့ ရွာအတွင်း ဝင်ရောက်သည့်သတင်း ပေးပို့မှု နောက်ကျသည့်အတွက် နှင်ထုတ်ခံရပြီး ၄င်းတို့သုံးဦးအပြင် အခြားရွာသား ၃ ဦးလည်း အဖမ်းခံရသည်။
၄င်းတို့သည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် မွန်ခွဲထွက်ရေးအဖွဲ့ဝင် ၆ ဦး ကဗျာဝကျေးရွာအတွင်း ဝင်ရောက် ငွေကောက်ခံသည့်သတင်းကို ပေးပို့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အဖမ်းခံရသည်။
“မွန်ခွဲထွက်ရေးအဖွဲ့ ရွာဝင်တဲ့သတင်းကို ကြားပြီးတော့ စစ်တပ်ကို သွားပြောပြတယ်လေ။ သူတို့ကို နောက်ကျမှ သတင်းသွားပေးတယ်ဆိုပြီးတော့ ဖမ်းတယ်လေ” ဟု ကျောက်အိုင် ကျေးရွာတွင် ခြံသွားရောက်လုပ်ကိုင်နေသည့် ကဗျာဝရွာသားတစ်ဦးက ဆိုသည်။
၄င်းတို့ ၆ ဦးသည် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။ ရွာသား ၄ ဦးနှင့် ဥက္ကဌ ၂ ဦးတို့သည် တစ်ဦးလျှင် ကျပ် ၂ သိန်းစီ ခလရတပ်ရင်း ၃၁ ကို ပေးပြီးမှသာ ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ၄င်းက ပြောသည်။
၄င်းမွန်ခွဲထွက်ရေးအဖွဲ့အား နိုင်အတီ ဦးဆောင်ပြီး ကဗျာဝကျေးရွာသို့ ငွေဝင်ရောက် တောင်းခံခြင်းဖြစ်သည်။ နိုင်အတီမှာ နိုင်ဗင် ဦးဆောင်သော မွန်ခွဲထွက်ရေးအဖွဲ့မှ ဖြစ်သည်ဟု အထက်ပါရွာသားက ဆိုပါသည်။
အဖမ်းခံရသူများတွင် နိုင်အမင်မှာ ခလရ ၃၁ တပ်ရင်း၏ ရိုက်နှက်စစ်ဆေးမှုကို အများဆုံး ခံရသည်ဟု ကဗျာဝ ရွာသားက ဆိုပါသည်။ မွန်ခွဲထွက်အဖွဲ့တို့သည် နိုင်အမင်၏ ခြံတွင် နားခိုနေထိုင်သွားသည့် လက်စလက်န သက်သေများ ကျန်ရစ်သည့်အတွက် ၄င်းအား စစ်တပ်မှ ပိုမိုရိုက်နှက်စစ်ဆေးခြင်း ဖြစ်သည်။
ယင်းရဲရွာသားတစ်ဦး၏ အဆိုအရ ၄င်းမွန်ခွဲထွက်အဖွဲ့သည် အောက်တိုဘာလ ၂၂ ရက်နေ့ (တန်းဆောင်မုန်းလပြည့် ၅ ရက်နေ့) ၌ ဒေသအတွင်း သွားလာနေသည့် မြန်မာစစ်တပ်နှင့် ယင်းရဲကျေးရွာအနီးအဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
၄င်းတိုက်ပွဲဖြစ်ပွားပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ယင်းရဲရွာသား ၃၀ ဦးအား ခေတ္တခဏ ပြန်ပေးဆွဲပြီး တစ်ဦးလျှင် ကျပ် ၁ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ပြန်ပေးဆွဲခံရသည့် ရွာသားတစ်ဦးနှင့် နီးစပ်သည့် ယင်းရဲရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။