မကြာမီက စတင်ဖွဲ့စည်းထားသည့် ရာမညတပ်ဖွဲ့သည် မြန်မာစစ်အစိုးရနှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအသိုင်းအဝိုင်းမှ လာသောသတင်းအရ သိရပါသည်။
ရာမညတပ်ဖွဲ့ကို လွန်ခဲ့သည့် ဇွန်လခန့်တွင် မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် ဗိုလ်မှူးဟောင်း နိုင်ရှောင်းက ဦးဆောင်ပြီး၊ ဖွဲ့စည်းစဉ်က အဖွဲ့ဝင် (၁၀) ဦးခန့်သာ ရှိပြီး၊ တနသာင်္ရီတိုင်းဘက်တွင် စတင်လှုပ်ရှားနေသည်။
“အခုလောလောဆယ်မှာတော့ နိုင်ရှောင်းက ရေးမြို့မှာ ရှိနေတယ်၊ သူ့အစီအစဉ်က နိုင်အောင်နိုင်တို့နဲ့ ပေါင်းပြီးတော့ နအဖမှာ လက်နက်ချမယ်။ ပြီးတော့ နယ်ခြားစောင့်တပ်ကို လက်ခံဖို့ ရှိတယ်” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အောက်တိုဘာ ၁၆ ရက်နေ့တွင် နိုင်ရှောင်းနှင့် ၄င်း၏လက်အောက်ငယ်သားနှစ်ဦးတို့က ၄င်းတို့၏ ဇနီးသည်များနှင့်အတူ မြဝတီမှ ဆင်းလာကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် စစ်အစိုးရအာဏာပိုင်တို့နှင့် နှစ်ရက်နီးပါး ဆွေးနွေးတိုင်ပင်ပြီး ၁၇ ရက်နေ့တွင် ရေးမြို့သို့ စစ်အစိုးရတပ်များနှင့်အတူ ဆင်းသွားခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီက ဆိုသည်။
“ကျနော်တို့ ရရှိထားတဲ့ သတင်းအရတော့ ရာမညတပ်က သူတို့ (၃) ဦးပဲ ဗမာတွေနဲ့ ပေါင်းသွားပြီး၊ ဒါပေမယ့် တခြား နိုင်အောင်နိုင်တို့၊ နိုင်ချမ်းဒိန်းတို့အဖွဲ့နဲ့ အဆက်အသွယ် ရှိမရှိ ဆိုတာကိုတော့ ကျနော်တို့လည်း စုံစမ်းနေဆဲပဲ” ဟု ထိုင်း-မြန်မာနယ်စပ်မှ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရာမညတပ်ကို ပေါ်လာပြီးနောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သော ပလိုင်းဂျပန်ကျေးရွာတွင် ငွေကြေးကောက်ခံနေသည့်အပြင် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲတွင်လည်း ငွေကြေးများ ကောက်ခံနေခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
“နိုင်ရှောင်းတို့က ဗမာတွေနဲ့ ပေါင်းလိုက်ပြီးဆိုတော့ ကျနော်တို့အတွက် စိုးရိမ်ရမယ့် အနေအထားမှာ ရှိတယ်၊ ဒီအဖွဲ့ရဲ့ နောက်မှာလည်း တခြားမွန်အဖွဲ့တွေ ပါဝင်ချင် ပါဝင်လာမယ်လေ၊ ပါလာနိုင်မယ်လို့ ကျနော်တို့ ထင်တယ်၊ အဲဒီအခါကျရင် ကရင်တို့လို ဖြစ်လာမှာပဲ၊ မွန်အချင်းချင်း တိုက်ခိုင်းမယ်” ဟု ၄င်းတာဝန်ရှိသူက ဆက်ပြောသည်။