မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ သယ်ယူပို့ဆောင်နေသော ပို့ကုန်ပစ္စည်းများကို မြန်မာအာဏာပိုင်တို့က ကန့်သတ် ထားပြီး အကြီးအကဲအာဏာပိုင်များသား သယ်ယူခွင့်ရသဖြင့် မြဝတီမြို့ရောက် ကုန်သည်များ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရပါသည်။
မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေသော ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂဏန်း၊ ငါးရှဉ်စသောရေထွက်ပစ္စည်းတို့ဖြစ်ကြပါသည်။
ယင်းပို့ကုန်ပစ္စည်းနှင့် ပတ်သက်ပြီး လွန်ခဲ့သော လပိုင်းတွင် မြန်မာအာဏာပိုင်တို့က စတင်ကန့်သတ်ခဲ့သည်ဟု မော်လမြိုင်မှ မြဝတီမြို့သို့ ကြက်သွန်တင်သွင်းနေသည့် ကုန်သည်တစ်ဦးက ပြောသည်။
“ယနေ့ ပို့ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရတာ အရမ်းကိုခဲယဉ်းတယ်။ မြဝတီမြို့ စီးပွားရေးဇုန်မှာ အခုလို ပိတ်ထားတယ် တစ်လလောက်တော့ ကျော်နေပြီး။ ဒါပေမယ့် ကျနော်တို့ မြဝတီမှာ ကြားသိသလောက်တော့ အကြီးအကဲ သားတစ်ယောက်က အခုလို ချူပ်ကိုင်ထားတယ်။ ကုန်သည်တွေကို ပေးမသွားဘဲ သူတို့ပဲ သယ်ယူပို့ဆောင်ခွင့် ရရှိတယ်။ ဒါပေမယ့် ကုန်သည်တွေအတွက်တော့ လာဘ်ပေးလာဘ်ယူတာလုပ်ပြီး ညပိုင်းမှာ မှောင်ခိုဝင်တာမျိုးရှိတယ်” ဟု ၄င်းက ပြောသည်။ မြဝတီမြို့သည် မြန်မာကုန်သည်တို့က စီးပွားရေးမြို့တော်တစ်ရပ် သတ်မှတ်ထားသည်ဟု သိရပါသည်။
မြဝတီမြို့ရောက် ကုန်သည်များ အခက်အခဲနှင့်ရင်ဆိုင်နေရသောအချိန်တွင် ထိုင်းဝန်ကြီးချူပ် ဦးဆောင်သော အစိုးရအဖွဲ့က အောက်တိုဘာလ ၆ ရက်နေ့၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်၌ စီးပွားရေးဇုန်တစ်ခုတည်ထောင်မည့် အစီအစဉ်ကိုထောက်ခံခဲ့ကြပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ဆက်သွက်မည့် ထိုင်း ဘတ် သန်း ၄၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားသော ဒုတိယမြောက် ချစ်ကြည်ရေး တံတားတည်ဆောက်ရေးကိုလည်း တွန်းအားပေးခဲ့ကြကြောင်း weekly eleven သတင်းစာတွင် ရေးသားထားသည်။
အဆိုပါအဆောက်အအုံကြောင့် “ကျနော်တို့ဘာမှ မကြားရသေးဘူး။ ဒါပေမယ့် အခုလောလောဆယ်တော့ မဖြစ်သေးဘူး။ ပုံမုန်အတိုင်း ဖြစ်နေတယ်။ တက်ကစီး (အငှားကား) တစ်စီး မြဝတီကနေ မဲဆောက်သွားရင် ဘတ် ၅၀ လောက်ပဲ အခွန်ဆောင်ရတယ်။ အကယ်၍ ဇုန်တည်ဆောက်ခဲ့ရင် ကားအခွန် အပိုဆောင်ရမယ်။ နောက်ပြီး တစ်ဆက်တည်းမှာပဲ ထိုင်းနိုင်ငံကလာတဲ့ကားတွေ အဲဒီဇုန်မှာ ဂိတ်ထိုးရမယ်” ဟု မဲဆောက်မှ မြဝတီမြို့သို့ ပစ္စည်းသယ်ဆောင်နေသော ကုန်သည်တစ်ဦးက ယူဆသည်။
မဲဆောက်မြို့အခြေချ မြန်မာနိုင်ငံတစ်ဦး၏ ပြောပြချက်အရ “မနေ့က ဒီစီးပွားရေးဇုန်နဲ့ပတ်တဲ့ သတင်းတော့ ကြားတယ်။ ဒါပေမယ့် သေချာလာမသေချာလာ အတိကျတော့ မသိသေးဘူး။ ကျနော်တို့အိမ်တော့ ဒီအဆောက်အုံအတွက် ပိုက်ဆံမပေးရသေးဘူး” ဟု ၄င်းက ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အခွန်ခွာပြီးသာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အထည်အလိပ်ဖိနပ်၊ ကားနှင့် ကားပစ္စည်း၊ ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်း၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် ပစ္စည်းအများအစုကို ယနေ့ချိန်အထိ တင်သွင်းနေသည်ဟု သိရပါသည်။