ရာဘာစျေး မြင့်တက်လာသော်လည်း စားဝတ်နေရေး အဆင်မပြေ

ရာဘာစျေး မြင့်တက်လာသော်လည်း စားဝတ်နေရေး အဆင်မပြေ
by -
မိကျလွန်းထော
ရာဘာစျေး အနည်းငယ် မြင့်တက်လာသော်လည်း အခြားသော စားသောက်ကုန် ပစ္စည်းများ ထို့နည်းသူစွာ မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေး အဆင်မပြေ ဖြစ်နေရ ...

ရာဘာစျေး အနည်းငယ်မြင့်တက်လာသော်လည်း အခြားသော စားသောက်ကုန် ပစ္စည်းများ ထို့နည်းသူစွာ မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေးအဆင်မပြေ ဖြစ်နေရသည်ဟု ရာဘာခြံပိုင်ရှင်များနှင့် ရာဘာခြစ်လုပ်သားများက ဆိုသည်။

ယခုလက်ရှိ ရာဘာစျေးမှာ ထိုင်းနိုင်ငံတွင် တစ်ကီလို ထိုင်း ဘတ် ၈၀ ရှိပြီး လွန်ခဲ့သော တစ်ပတ်ခန့်တွင် တစ်ကီလို ၅၀ ဘတ်ကျော်ခန့်ရှိသည်ဟု ထိုင်းနိုင်ငံ ဖန်ငါခရိုင်တွင် ရာဘာခြစ်နေသူတို့က ပြောသည်။

“စျေးနည်းနည်းတော့ ပြန်တက်သွားတယ်။ ဒါပေမယ့် မထူးပါဘူးဗျာ၊ ကုန်စျေးနှုန်းလည်း တက်နေပြန်တော့ ရတာနဲ့ ဝယ်တာကုန်သွားတာပဲ။ မြန်မာပြည်မှာ နေတာထက်တော့ ကောင်းပါတယ်၊ ဒီမှာက စားဖို့သောက်ဖို့က နည်းနည်းအဆင်ပြေတယ်၊ ရွာမှနေရင် တစ်နေ့လုပ်မှ တစ်နေ့စားရတယ်” ဟု ဖန်ငါရှိ ရာဘာခြစ်အလုပ်သမားက ဆို်ပါသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ လောက်တွင် ကမ္ဘာ့စီးပွားရေး ပျက်ကပ်မှုကြောင့် ရာဘာစျေးများ အဆမတန် ထိုးကျသွားခြင်ကြောင့် ရာဘာကို အဓိကစိုက်ပျိုးနေသူများနှင့် ရာဘာခြစ်လုပ်သားများ အခက်အခဲနှင့် ကြံုတွေ့နေကြရသည်။ ၄င်းအချိန်တွင် ရာဘာစျေးမှာ ၃ ပုံး ၂ ပုံးကျဆင်းသွားပြီး ထိုင်းနိုင်ငံတွင် တစ်ကီလို ဘတ် ၁၁၀ မှ ဘတ် ၄၅ အထိကျဆင်းသွားသည်။ မြန်မာနိုင်ငံမှာလည်း တစ်ပေါင် ၁၄၀၀ ကျပ်မှ ၄၂၀ ကျပ်အထိတို့ ကျဆင်းသွားခဲ့သည်။ နောက်ပိုင်းတွင် တစ်ဖြည်းဖြည်းမြင့်တက်လာရာမှ ယခုစျေးနှုန်းတို့ ရောက်ရှိလာသည်။

ထိုသို့ ရာဘာစျေးများ အနည်းငယ်မြင့်တက်လာရခြင်းမှာ ထိုင်းနိုင်ငံရှိ ကုန်သည်များက တရုတ်နိုင်ငံသို့ တင်သွင်းရန်အတွက် ရာဘာဝယ်လိုအားများလာခြင်းကြောင့် ရာဘာစျေး အနည်းငယ်မြင့်တက်လာသည်ဟု ရာဘာခြံတွင် အလုပ်လုပ်သော ဖန်ငါမှ အလုပ်သမားများက ဆိုသည်။

“ရာဘာဝယ်တဲ့ သဘောင်္တွေ ဝင်လို့ရှိရင် ရာဘာစျေးက တချက်ထဲ တက်သွားတယ်၊ ပြီးတော့ ဒီရာဘာတွေလည်း တရုတ်နိုင်ငံကလာဝယ်တယ်ဆိုတာလည်း ထိုင်းသတင်းက ခဏခဏကြေငြာတယ်။ ရာဘာစျေးတက်တော့ ကျွန်တော်တို့အတွက် နည်းနည်းတော့ အဆင်ပြေသွားတာပေါ့။ ဒါပေမယ့် ပိုက်ဆံတခါမှလည်း မပိုဘူး၊ အိမ်ကိုလည်း ပိုက်ဆံမပို့ရဘူး၊ စားဖို့သောက်ဖို့ ဟိုဟိုဒီဒီ ဝယ်တာနဲ့ပဲ ကုန်သွားတာ” ဟု ၄င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံ ရာဘာခြံတွင် အလုပ်လုပ်နေသော ရာဘာခြစ်လုပ်သားများသည် အများအားဖြင့် မွန်ပြည်နယ်မှ လာသော လုပ်သားဖြစ်သည်။ ထိုင်းနိုင်ငံရှိ ရာဘာစျေးများ မြင့်တက်သွားသည့်အတိုင်း မွန်ပြည်နယ် မုဒုံမြို့နယ်တွင်လည်း ရာဘာစျေး အနည်းငယ်တက်သွားသည်ဟု ဒေသခံများက ဆိုသည်။

“ပြီးခဲ့တဲ့ တစ်ပတ်လောက်က စတက်လာတယ်၊ အခုဆိုရင် တစ်ပေါင်ကို ၈၀၀ ကျပ် ဖြစ်သွားပြီး၊ လွန်ခဲ့တဲ့ ၂/၃ လက ၅၀၀-၆၀၀ လောက်ပဲရှိတယ်၊ ရာဘာစျေးတက်လည်း မထူးပါဘူး၊ ဆန်စျေးလည်းတက်နေတာပဲ” ဟု မုဒုံမြို့နယ်မှ ရာဘာခြံပိုင်ရှင်တစ်ဦးက ဆိုသည်။

ထိုသို့ ရာဘာစျေးများ မြင့်တက်လာသော်လည်း ဆန်းစျေးလည်း မြင့်တက်လာသောကြောင့် ရာဘာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများအတွက် တွက်ခြေမကိုက်ပေ။ ယခုလက်ရှိ ဆန်စျေးမှာ တစ်အိတ်လျှင် ၂ သောင်း ၈ ထောင်ကျပ် ရှိနေသည့်အတွက် ရာဘာရောင်းပြီး ဆန်ဝယ်စားနေရသည့်သူများအတွက်  စားဝတ်နေရေး ပြေလည်မှု မရှိကြပေ။

မွန်ပြည်နယ်အတွင်းရှိ ရာဘာများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ ရာဘာကုန်သည်များက လာရောက်ဝယ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နေသည်ဟု ၄င်းရာဘာခြံပိုင်ရှင်က ဆက်ပြောသည်။

“အခုတစ်လော ကုန်သည်တွေ လာဝယ်နေတယ်၊ စျေးကတော့ ထိုင်းငွေနဲ့ တွက်မယ်ဆိုရင် မကိုက်ဘူး၊ ထိုင်းမှာက ပိုစျေးရတယ်၊ စျေးကောင်းလည်း မပိုပါဘူး၊ လယ်မရှိတဲ့သူဆိုရင် ဆန်ဝယ်စားရတာ အတူတူပါဘဲ၊ အချို့လူတွေ လယ်လည်းရှိ ရာဘာခြံလည်းရှိရင် နည်းနည်းတော့ အဆင််ပြေမယ်”  ဟု ၄င်းခြံရှင်က ဆက်ပြောသည်။

Most read this week