ဆန်စျေး မွန်ပြည်နယ်တွင် အဆမတန်မြင့်တက်နေ

ဆန်စျေး မွန်ပြည်နယ်တွင် အဆမတန်မြင့်တက်နေ
by -
ရိုင်မရော့
ယခုလဆန်းပိုင်းအတွင်း မွန်ပြည်နယ်မှာ ဆန်စျေး၊ စပါးစျေးများအဆမတန်မြင့်တက်နေပြီး ဆက်လက်စျေးမြင့်တက်ရန်ရှိသည်ဟု ဆန်ကုန်သည်တို့၏ ပြောပြချက်အရ သိရ ...

ယခုလဆန်းပိုင်းအတွင်း မွန်ပြည်နယ်မှာ ဆန်စျေး၊ စပါးစျေးများအဆမတန်မြင့်တက်နေပြီး ဆက်လက်စျေးမြင့်တက်ရန်ရှိသည်ဟု ဆန်ကုန်သည်တို့၏ ပြောပြချက်အရ သိရသည်။

“အခုလို စပါးအသစ်မထွက်ခင်မှာ စပါးစျေးတွေ ဆန်စျေးတွေ တက်နေတာတော့ ကောင်းပါတယ်၊ ကျနော်တို့လယ်သမားတွေအတွက် အခုလိုအချိန်မှာ မနှစ်ကကျန်နေသေးတဲ့စပါးတွေကို ထုတ်ရောင်းတဲ့အချိန်ဖြစ်နေတယ်။ ဒါပေမယ့် ဆန်ဝယ်စားတဲ့သူတွေဆိုရင် အခက်အခဲတော့ဖြစ်မှာပဲ” ဟု လယ်သမားတစ်ဦးက ပြောသည်။

ယခုလက်ရှိ စပါးတင်းတစ်ရာလျှင် ပေါက်စျေး ကျပ် ၆ သိန်းခန့်ရှိသော်လည်း လွန်ခဲ့သည့် တစ်လခန့်က ၅ သိန်း ၁ သောင်း ခန့်ရှိသည်။ ဆန်အလယ်လတ်စား တစ်အိတ်လျှင် ၂၈၀၀၀ ကျပ်ရှိပြီး အကောင်းစားချန်ပီယံ ဆန်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ထိ မြင့်တက်နေပြီး ယခုစျေးနှုန်းထက် ဆက်လက်မြင့်တက်ရန်လည်းရှိသည်။

ယမန်နှစ်က မိုးတွင်းကာလအတွင်း အမြင့်ဆုံးစပါးစျေးနှုန်းအဖြစ် ၅ သိန်းထိသာ မြင့်တက်ခဲ့သည်။

“မိုးတွင်းကဆို ဆန်တစ်အိတ် နှစ်သောင်းကျပ် ဖြစ်သွားရာကနေ အခုလို မိုးကုန်ခါနီးမှာ ၆၀၀၀ ကျပ် တက်သွားတယ်၊ မနေ့ကတောင် တစ်ထောင်ထပ်တက်သေးတယ်၊ နှစ်သောင်းခုနှစ်ထောင်တောင်ဖြစ်နေပြီး၊ ရေးဘက်မှာ ရောင်းနေတဲ့ ဆန်တွေကတော့ ကမာဝက်ရွာဘက်ကလာတဲ့ဆန်တွေ” ဟု ရေးမြို့မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ရေးဒေသတွင် လယ်ယာမြေသည် ဥယျာန်ခြံမြေအရေအတွက်ထက် နည်းသည့်အတွက် ရေးဒေသခံပြည်သူတို့သည် မုဒုံမြို့နယ်မှလာသည့် ဆန်စပါးကို အဓိကအားထားနေရသည်။ ရေးမြို့တွင် အိမ်ခြေ တစ်သောင်းခန့်ရှိရာ အိမ်ခြေ သုံးပုံနှစ်ပုံလောက်မှာ အခြားမြို့နယ်မှလာသည့်ဆန်ကို ဝယ်ယူစားသုံးနေကြရသည်။

မွန်ပြည်နယ်ရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်မှာ စပါးစျေး ဆန်စျေးတက်နေသည့်အပြင် ပဲခူး၊ လှည်းကူးတို့ဘက်မှာလည်း စပါးစျေး ၆ သိန်းထိ မြင့်တက်နေသည်ဟုလည်း ပဲခူးသို့ သွားရောက် လယ်လုပ်ကိုင်နေသူ မုဒုံမှ လယ်သမားတစ်ဦးက ပြောသည်။

“ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဆန်စျေးက တော်တော်တက်သွားတယ်။ နှစ်တိုင်းလိုလို မိုးတွင်းဆိုရင် ဆန်စျေးတက်တာပဲ၊ ဒါပေမယ့် ဒီနှစ်လောက် စျေးမကြီးဘူး။ တချို့ပြောနေတာကတော့ ၅၀၀၀ တန် ငွေစက္ကူကြောင့်လို့လည်း ပြောနေကြတယ်” ဟု မုဒုံမြို့နယ် ရောင်းဒေါင်းရွာခံတစ်ဦးက ပြောသည်။

ယခုလို ဆန်စျေး စပါးစျေးတက်နေသည့်အချိန်တွင် ဆန်ကုန်သည်တို့က ကျေးရွာအတွင်း လယ်သမားများထံမှာ စပါးအဟောင်းများကို စျေးနှုန်းမြင့်မြင့်ဖြင့် ရသလောက် လိုက်လံဝယ်ယူနေသည်။

အခုကဲ့သို့ ဆန်စျေးအဆမတန်တက်သွားသည်မှာ ယခုလဆန်းပိုင်းမှ မြန်မာစစ်အစိုးရတို့ တရားဝင် ထုတ်လိုက်သည့် ၅၀၀၀ ကျပ်တန်ငွေစက္ကူကြောင့်လည်းဖြစ်နိုင်ပြီး၊ သို့သော်လည်း တချို့သုံးသပ်သူများသည်လည်း ပြည်တွင်းမှ စပါးများ ပြည်ပသို့ တင်ပို့နေခြင်းကြောင့် ယခုလို စပါးစျေးတက်နေသည်ဟု စပါးကုန်သည်တို့က ပြောဆိုနေကြသည်။

နယ်စပ်ဒေသဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူဒေသဘက်မှာလည်း ယခင်က ထိုင်းဆန်ထက် စျေးနှုန်းသက်သာသည့် မြန်မာဆန်ကို စားသုံးလာပြီးနောက် မိုးတွင်းမကျခင်က စပါးတင်းပေါင်း ၄ သိန်းခန့် ကုန်သည်များ သိုလှောင်ထားသည်ကို ယခုလို မိုးနှောင်းကာလကုန်ခါနီးမှာ ၄င်းဆန်တို့က နည်းပါးလာသည့်အတွက် ဆန်စျေးမြင့်တက်ခြင်းဖြစ်သည်။

Most read this week