၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် လက်မခံသော အဖွဲ့များကို နအဖမှ နည်းပြောင်းစည်းရုံးရန် ရှိသည်ဟု လက်ရှိ နအဖနှင့် ပစ်ခတ်နေသော သျှမ်းပြည်တပ်မတော်တောင်းပိုင်းနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင်များက ဆိုသည်။
“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ လက်မခံအဖွဲ့တွေကို နည်းပြောင်းစည်းရုံးသိမ်းသွင်းမယ် ဒါမဟုတ် တိုက်မယ်ဆိုတဲ့နည်းပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့အခြေခံ ဥပေဒေထဲ မှာလည်း နိုင်ငံတော်မှာ တပ်မတော်တစ်ခုတည်းပဲ ရှိရမယ်ဆိုတော့ ဖြစ်အောင် လုပ်မယ်လို့ ကျနော်မြင်တယ်” ဟု သျှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဆိုင်မိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောပြခဲ့သည်။
အပစ်ခတ်ရပ်စဲအဖွဲ့များကို တကယ်တိုက်ဖျက်ရန်အတွက်သာ နအဖ ရည်ရွယ်သောကြောင့် ထိုရည်ရွယ်ချက်အတိုင်း အပြတ်တိုက်မည် ဖြစ်သည်။ အခုလောလောဆယ် အပစ်ခတ်ရပ်စဲအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် စည်းရုံးနေသည်မှာ အနုနည်း သဘောနှင့် အချောသတ်နေခြင်းသာဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ခူဦးဒယ်ကမူ “စည်းရုံးလို့မရတဲ့ အဖွဲ့တွေကို မရ ရတဲ့နည်းနဲ့လုပ်မှာပဲလို့ ကျနော်မြင်တယ်။ နောက်ဆုံး စည်းရုံးလို့မရတဲ့အဖွဲ့တွေကို စစ်ရေးအရ အကျပ်အကိုင်ဖြေရှင်းမယ်လို့ ကျနော်မြင်တယ်” ဟု သူက ပြောသည်။
သို့သော် ကေအင်ယူဒုဥက္ကဌ ဒေးဗစ်တာကဘောကမူ လက်မခံသောအဖွဲ့များကို နအဖက စစ်ရေးနှင့် တိုက်ဖျက်ဖြေရှင်းမည်ကို ၄င်းအနေဖြင့်မမြင်ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာအဖွဲ့အစည်းဖိအားရှိနေခြင်းနှင့် ကေအင်ယူ တစ်ဖွဲ့တည်းကို နအဖမှ နိုင်အောင်မတိုက်နိုင်ပဲ ကျန်သောအဖွဲ့များကို တိုက်ရန်မှာ မလွယ်ကူဟု ပြောသည်။
စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် အပစ်အရပ်အဖွဲ့ ၁၇ ဖွဲ့ကို စည်းရုံးနေ သည်မှာ အများစုက နအဖဆန္ဒအတိုင်း လိုက်လျောနိုင်မည်မဟုတ်ဟု ၄င်းအနေဖြစ်လည်း မြင်ကြောင်း KNPP အတွင်းရေးမှူး ခူဦးဒယ်က ပြောသည်။