မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လယ်သမားများ အခက်အခဲ ကြံုတွေ့နေရ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လယ်သမားများ အခက်အခဲ ကြံုတွေ့နေရ
by -
ရိုင်မရော့
လယ်သမားများ စပါးမျိုးစေ့များ ကြဲပြီးနောက်ပိုင်းတွင် အဆက်မပြတ်ရွာသွန်းမှုကြောင့် ကြဲထားသည့် မျိုးစပါးများး ပျက်စီးကုန်ပြီး အခက်အခဲဖြစ်နေကြသည်ဟု မုဒုံမြို့နယ်အတွင်းရှိ လယ်သများက ပြောကြ ...

လယ်သမားများ စပါးမျိုးစေ့များ ကြဲပြီးနောက်ပိုင်းတွင် အဆက်မပြတ်ရွာသွန်းမှုကြောင့် ကြဲထားသည့် မျိုးစပါးများး ပျက်စီးကုန်ပြီး အခက်အခဲဖြစ်နေကြသည်ဟု မုဒုံမြို့နယ်အတွင်းရှိ လယ်သများက ပြောကြသည်။

မွန်ပြည်နယ်အတွင်း လွန်ခဲ့သည့်ရက်သတ္တပတ်က မိုးကြီးစွာ ရွာသွန်းမှုကြောင့် ပျိုးပင်ကြဲထားသည့် လယ်ယာမြေအများစုက ရေမြုပ်ပြီး ပျိုးပင်များလည်း သေကြေပျက်စီးကြကုန်သည်။

“မိုးအဆက်မပြတ် (၄၊ ၅) ရက် လောက်ရွာလိုက်တော့ ကြဲထားတဲ့ပျိုးပင်တွေ ရေနဲ့ပါသွားကုန်ရော၊ အသစ်ပြန်ကြဲရမယ်၊ ရေလျော့သွားမှ ပြန်ကြဲလို့ရမယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။

မိုးအနည်းငယ်ဆက်လာသဖြင့် လယ်သမားများသည် မျိုးစပါးများကြဲပြီးချိန်တွင် မထင်မှတ်ပဲ မိုးမှာ ဆက်တိုက် သည်းထန်စွာ ရွာသွန်းနေသောကြောင့် ကြဲထားသော မျိုးစပါးများမှာ မျောပါသွားကြသည်ဟု ဆိုသည်။

“ကျနော်တို့က မိုးနည်းနည်းဆက်လာတာနဲ့ ပျိုးပင်ကြဲထားတယ်၊ ပျိုးပင်တွေက အပင်ပေါက်စပဲရှိသေးတယ်၊ မိုးက သဲကြီးမယ်ကြီးရွာချလာတယ်၊ ဘာမှလုပ်လို့မရဘူး၊ တစ်ရက်နှစ်ရက်လဲမဟုတ်ဘူး၊ (၄၊ ၅) ရက်လောက်ရွာချတယ်၊ ပျိုးပင်တွေ ရေမြုပ်ကုန်တော့ သေကုန်ပြီ” ဟု သံဖြူဇရပ်မှ လယ်သမားတစ်ဦးက ပြောသည်။

တချို့လယ်သမားများသည် မိုးကြောင့် နောက်ထပ်တစ်ဖန် ပျိုးပင်ပြန်လည်စိုက်ပျိုးရသည့်အတွက် ငွေကြေး နောက်ထပ် ရင်းနှီးရကာ ငွေကြေးမရှိသူလယ်သမားများက အခြားငွေရှိသူများထံ ချေးယူရပြီး လုပ်ငန်းအသစ် စတင်ကြရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဝင်ဖနုံရေလှောင်တမံနှင့် နီးစပ်သည့် ကျေးရွာတဝိုက်ရှိ ကလော့သော့၊ ဒိုးမာ၊ တောင်ပ၊ ကွမ်ခပူကျေးရွာများသည် အခြားသော ကျေးရွာ၊ ဒေသများထက် ဆည်ရေကြောင့် ရေပိုကြီးသည်ဟု ဒေသခံတို့က ပြောသည်။

“ကျနော်တို့ဘက်က အခြားဒေသထက် ရေပိုကြီးတယ်၊ မိုးနည်းနည်းရွာတာနဲ့ ရေက ကြီးပြီး မိုးရေရော၊ ဆည်ရေရော အိုင်နေတာပဲ ရေသွား ရေလာလဲမရှိဘူး၊ လယ်ထဲကို ကြည့်လိုက်ရင် အားလုံက ဖြူနေတာပဲ” ဟု ၄င်းလယ်သမားကပြောသည်။

ယခုလောလောဆယ်အခြေေနေအရ ကောက်စိုက်ရမည့်အချိန်မှာ လယ်သမားများက ပျိုးပင်များ နောက်ထပ်တစ်ကြိမ် ပျိုးကြဲရမည့်အချိန်ဖြစ်နေသဖြင့် ကောက်စိုက်အချိန် နောက်ကျသွားသလို လယ်သမားများကလည်း လယ်ယာကို နှစ်ကြိမ်နှစ်ခါလုပ်ရမည့် အခြေနေပင်ဖြစ်သည်။

ယမန်နှစ်ကထက် စပါးစျေးမကောင်းသည်က တစ်ကြောင်း၊ လက်ရှိရာဘာစျေးကျနေတာက တစ်ကြောင်း၊ ယခုတစ်ခါ မိုးကြောင့် ပျိုးပင်များလည်း ပျက်စီးသွားခြင်းကြောင့် အခက်အခဲဖြစ်နေသည့် လယ်သမားအများစုက ကောက်စိုက်သူများ အတွက် ကောက်စိုက်ခကိုလည်း ပို၍မပေးနိုင်ပေ။

“မနှစ်က ကောက်စိုက်စျေးဟာ တစ်ယောက်ကို ထမင်းတစ်နပ်ကျွေးရင် (၂ဝဝဝ) ကျပ် စျေးနဲ့ငှားတယ်၊ ကောက် နုတ်တဲ့သူကတော့ (၃ဝဝဝ) ကျပ်ပေးတယ်၊ ထမင်းမကျွေးဘူးဆိုရင် (၂၅ဝဝ) ကျပ်ပဲပေးရမယ်၊ ဒီနှစ်လည်း ဒီစျေးပဲ ပေးနိုင်မယ်” ဟု မုဒုံမြို့မှ လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်နှစ် မိုးဦးကာလမှာ စပါးစျေး တင်းတစ်ရာလျှင် (၅၈ဝဝဝဝ) ကျပ်ရှိပြီး၊ ဒီနှစ် မိုးဦးကာလမှာ တင်းတစ်ရာလျှင် (၄၈ဝဝဝဝ) ကျပ်သာရှိသည့်အတွက် စပါးရောင်းပြီးမှ လယ်စတင်ပျိုးထောင်နိုင်မည့်သူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။

“ကျမတို့လယ်အတွက်တော့ ကောက်စိုက်သူရော ကောက်နုတ်သူပါ ဝေါကနေ သွားဌားတယ်၊ စျေးလဲသက်သာတယ်၊ နှစ်တိုင်းပဲ သွားဌားတယ်၊ ပျိုးပင်ကြဲထားပြီးဆိုရင် စိုက်ရမယ့်ရက်ကို ခန့်မှန်းလို့ရပြီးဆိုတော့ သူတို့ကို သွားပြောထားတယ်၊ ဘယ်နေ့လောက်လာရမလဲဆိုတာကို” ဟု ၄င်းအမျိုးသမီးက ဆက်ပြောသည်။

Most read this week