မွန်ပြည်သစ်ပါတီနှင့် နအဖအရာရှိတို့က မော်လမြိုင်မြို့တွင် တွေ့ဆုံ

မွန်ပြည်သစ်ပါတီနှင့် နအဖအရာရှိတို့က မော်လမြိုင်မြို့တွင် တွေ့ဆုံ
by -
မိမွန်စွန်း၊ ရိုင်မရော့
မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့နှင့် နအဖခေါင်းဆောင်တို့က မော်လမြိုင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ဇွန်လ (၇) ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရ ...

မွန်ပြည်သစ်ပါတီခေါင်းဆောင်တချို့နှင့် နအဖခေါင်းဆောင်တို့က မော်လမြိုင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ဇွန်လ (၇) ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

နအဖခေါင်းဆောင်တို့နှင့် တွေ့ဆုံရာမှာ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထော်မွန်၊ မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်တလညီ၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်ထာဝရ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့နှင့် ဗိုလ်ချုပ် နိုင်ဇေယျတို့က ပါဝင်သည်။

“နအဖခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စဟာ ဘာမှထူးထူးခြားခြားမရှိဘူး၊ ကျနော်တို့ အနေနဲ့ဘာမှလည်း မပြောချင်သေးဘူး၊ ဒါဟာ ကျနော်တို့ရဲ့ လှို့ဝှက်ကိစ္စလည်းဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးက ပြောသည်။

မတ်လဆန်းပိုင်းကလည်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထော်မွန် ဒုဥက္ကဌ နိုင်ရဿနှင့်  နိုင်တလညီတို့က အရှေ့တောင်တိုင်းတွင် နအဖအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြံုရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ပထမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။

လွန်ခဲ့သည့်ဧပြီလတွင်လည်း အစိုးရအရာရှိ ဗိုလ်ချုပ်ရဲမြင့်က မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့်အစီစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု မွန်ပြည်သစ် ပါတီအသိုင်းအဝိုင်းမှ သိရသည်။

နအဖအစိုးရက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ကို နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲရန် ကမ်းလှမ်းထားသည်ကို (KIA) တပ်ဖွဲ့အနေဖြင့် လက်ခံမည်၊ လက်မခံမည်ကို အကြောင်းပြန်ချက်မရှိသေးပါ။

ကချင်ပြည်သူလူထုက မြန်မာစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံလိုကြောင်း (KIA) တပ်ဖွဲ့ခေါင်း ဆောင်တွေဆီ စာဖြင့် တောင်းဆိုခဲ့ပြီး (KIA) ကလည်း ပြည်သူတို့၏ အကြံပေးစာကို လက်ခံနေသည်ဟု ကချင်သတင်းဌာနက ဖော်ပြထားသည်။

ယခုလောလောဆယ်တွင် အစိုးရ စစ်ဖက်ဆိုင်ရာ လုံခြံုရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တရုတ်နယ်စပ်မှ အပစ်ခတ်ရပ်အဖွဲ့တို့က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံနိုင်ကြောင်း အကြောင်းပြန်ပြီး နောက်ပိုင်း ထပ်မံကျောသပ်ဖြောင်းဖြရန် ၄င်းဒေသသို့ရောက်ရှိနေသည်ဟု ရှမ်းသတင်းဌာမှ ဖော်ပြထားသည်။  

Most read this week