မွန်ပြည်နယ် မုဒုံမြို့နယ် ဒိုးမားကျေးရွာရှိ ၂ ဧကခွဲခန့်ရှိသော ရွာသားတစ်ဦး၏ လယ်မြေကို ဒိုးမားကျေးရွာအနောက်ဘက်တွင် တပ်စခန်းချနေသော နအဖစစ်သားများက ၄င်းတို့ လုပ် မည်ဟုဆိုကာ လယ်ပိုင်ရှင်ရွာသားကို ရွာသို့ပြန်ခိုင်းခဲ့သည်။
“မိုးဦးကျပြီးဆိုတော့ လယ်ပိုင်ရှင်မှာ လယ်ဆင်းဖို့သွားတာပေါ့၊ ဟိုရောက်တော့ စစ်သား တွေက သူတို့လုပ်မယ်ဆိုပြီးတော့ ရွာသားကို ပြန်ခိုင်းလိုက်တယ်” အနီးအနားရှိ ရွာသား တစ်ဦးက ပြောသည်။
ထို့အပြင် စစ်သားများက အာဏာသုံးပြီး ဒေသခံရွာသားများထံမှ ပိုင်ဆိုင်မှုများကို ရလျှင် ရသလို ယူနေကြသည်ဟု ဒေသခံ ရွာသားများက ဆိုသည်။
“ဂတ်စ်ပိုက်လိုင်းစောင့်ပေးတဲ့အတွက် ဆိုပြီး၊ တစ်လကို ပိုက်ဆံ ၅ သောင်းပေးရတယ်၊ အ ခုလဲတစ်ခါ ရွာသားလယ်မြေကို ယူပြီးလုပ်ဦးဆိုတော့ ဒါက သက်သက်အနိုင်ကျင့်တာပဲ” ဟု ရွာသားတစ်ဦးက ဆိုသည်။
ဒိုးမားကျေးရွာသားများနည်းတူ မုဒုံမြို့နယ်ရှိ ရွာများသည် လွန်ခဲ့သော ၂ဝဝ၆ ခုနှစ် ဧပြီလ မုဒုံမြို့နယ် ကွမ်လှာကျေးရွာအနီးတွင် ဂတ်စ်ပိုက်လိုင်း ပေါ်က်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း တွင် ယနေ့အချိန်အထိတိုင် ဂတ်စ်လိုင်းလုံခြုံရေးတာဝန်ယူထားသော ဒေသခံ နအဖ တပ်ရင်းများကို ရွာသားများက တစ်အိမ်လျှင် ၂ဝဝဝ ကျပ် လတိုင်း ငွေပေးဆောင် နေရသည်ဟု ဆိုသည်။
“သူတို့ကိုပေးနေရတာ ယခုနှစ်ပါဆိုရင် သုံးနှစ်ကျော်ရှိသွားပြီး၊ ရာဘာစျေးကျလို့ ငါတို့တွေ လုပ်ငန်းအဆင်မပြေဖြစ်တာ၊ သူတို့ကိုပေးနေရတာက ပုံမှန်ပဲ၊ လျော့မသွားဘူး” ဟု ဒေသ ခံရွာသားတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်ရှိ ပြည်သူစစ်ရှိသော ကျေးရွာများသည် ဂတ်စ်ပိုက်လိုင်းလုံခြံုရေးအတွက် ပေး ဆောင်နေရသည့်အပြင် ဒေသခံအာဏာပိုင်များ၏ အမိန့်ဖြင့် တာဝန်ထမ်းဆောင် နေရ သော ကျေးရွာရှိ ပြည်သူ့စစ်များ၏ လစာများကိုလည်း ရွာသားများကပင် ပေးဆောင်နေ ရသည်ဟု ဆိုကြသည်။