ယမန်နေ့ည ၈ နာရီခန့်တွင် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုနယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တပ်ရင်း (၃) ကျေးရွာမှ ရွာသားနှစ်ဦးကို ချုပ်နှောင်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
၄င်းတပ်ရင်း ၃ ကျေးရွာသည် မွန်ပြည်သစ်ပါတီ၏ အုပ်ချုပ်မှုဒေသအတွင်းရှိပြီး ဘုရားသုံးဆူမြို့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်နှင့် ထိစပ်လျှက်ရှိသည်။
အင်အား (၁ဝ) ဦးခန့်ရှိသော ယခုလက်နက်ကိုင်အဖွဲ့ကို ဦးဆောင်သူမှာ တပ်ရင်း ၃၊ ကျေးရွာကာကွယ်ရေးခေါင်းဆောင်ဟောင်း နိုင်ခင်မောင်ဖြစ်ပြီး သေနတ်သမားများမှာ လက်နက်ကိုယ်စီ စစ်ဝတ်ကိုယ်စီဖြင့် ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း မျက်မြင်ရွာသားများက ပြောသည်။
တပ်ရင်း ၃ ကျေးရွာဥက္ကဌဟောင်း နိုင်ရွှေသောင်းနှင့် ရပ်ကွက်လူကြီး နိုင်စံထိန်း ၂ ဦးအား မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း ယခင်ပုဂ္ဂိုလ်ရေးကြောင့် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသ အုပ်ချုပ်ရေးကော်မတီဝင် နိုင်ဘတင်က ယခုကဲ့သို့ ထင်မြင်ချက်ပေးသည်။
“ကျနော်တို့တပ်ရင်း ၃ နဲ့ ရွာက တစ်မိုင်လောက်ပဲ ဝေးတယ်။ တကယ်လို့ ကျနော်တို့နဲ့ ဖြစ်စရာရှိရင် ကျနော်တို့တပ်ကို လာရမယ်ပေါ့၊ ခုက ကျနော်တို့ပါတီဝင်မဟုတ်တဲ့ ရွာဥက္ကဌဟောင်းနဲ့ ရပ်ကွက်လူကြီးကို ရိုက်တယ်၊ ဖမ်းတယ် ဆိုတော့ ပုဂ္ဂိုလ်ရေးတွေ ရှိကြလို့ ဖြစ်မှာပေါ့” ဟု ၄င်းက ပြောသည်။
ယခု လက်နက်ကိုင်အုပ်စုကို ဦးဆောင်သူ နိုင်ခင်မောင်မှာ မွန်ပြည်သစ်ပါတီ၏ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး တပ်ရင်း ၃ ကျေးရွာကာကွယ်ရေးခေါင်းဆောင်အဖြစ်မှ အနားယူခဲ့ရာမှ လွန်ခဲ့သည့် (၅) လခန့်တွင် ၄င်းရွာမှ ပြောင်းရွှေ့သွားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။
ဖမ်းဆီးစဉ် သေနတ်သမားများမှာ လက်နက်ငယ် (၄) ချက် ပစ်ဖေါက်သွားခဲ့သည်ဟုလည်း ရွာသားများက ပြောသည်။
မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုနယ်မြေအတွင်း ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်ပွားခြင်းကြောင့် မွန်ပြည််သစ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးသူများကို ပိုက်စိပ်တိုက် ရှာဖွေနေဆဲ ဖြစ်သည်။
ယခု လက်နက်ကိုင်အုပ်စုကို မွန်ပြည်သစ်ပါတီ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစား ဗိုလ်မှုးကြီးတစ်ဦး ဦးဆောင်လျှက်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက်တွင် လှုပ်ရှားလျှက်ရှိသည်ဟု မွန်ပြည်သစ်ပါတီမှ မှတ်ယူထားသည်။