နယ်စပ်၌ သောင်တင်နေသော မြန်မာအလုပ်သမားများ နေရပ်ပြန်ကြပြီ

နယ်စပ်၌ သောင်တင်နေသော မြန်မာအလုပ်သမားများ နေရပ်ပြန်ကြပြီ
by -
အာကာ
ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ရန် အခက်အခဲ အမျိုးမျိုးကြောင့်  သီတင်းပတ်အတန်ကြာ ဘုရားသုံးဆူ နယ်စပ်တစ်လျောက် သောင်တင်နေရသော မြန်မာ အလုပ်သမားများ မိမိနေရပ် အသီးသီးသို့ တဖွဲဖွဲ ပြန်နေကြပြီ ...

ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ရန် အခက်အခဲအမျိုးမျိုးကြောင့်  သီတင်းပတ်အတန်ကြာ ဘုရားသုံးဆူနယ်စပ်တစ်လျောက် သောင်တင်နေရသော မြန်မာအလုပ်သမားများ မိမိနေရပ်အသီးသီးသို့ တဖွဲဖွဲပြန်နေကြပြီ ဖြစ်သည်။

သင်္ကြန်မတိုင်မီနှင့် သင်္ကြန်လွန်ကာလများတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ရန် ဘုရားသုံးဆူဝန်းကျင်ရှိ ကျေးရွာများသို့ မြန်မာအလုပ်သမား (၂၀၀၀) ကျော် ရောက်ရှိလာပြီး ၄င်းထဲမှ အလုပ်သမား (၅၀၀) ခန့် မှာ ယခုကဲ့သို့  နေရပ်ပြန်သွားကြခြင်း ဖြစ်သည်။

ထိုင်းနယ်စပ် စစ်ကြောရေးဂိတ် တိုးများလာခြင်းကြောင့် သောင်တင်နေရသော မြန်မာအလုပ်သမားများအတွက် အစားအသောက် အနေအထိုင်ခက်ခဲမှုနှင့်ကြံုရပြီး ယခုကဲ့သို့ နေရပ်သို့ ပြန်လည်ပို့ဆောင်ရခြင်း ဖြစ်သည်ဟု ၄င်းအလုပ်သမားများအား တာဝန်ယူစောင့်ရှောက်လာခဲ့သည့် အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

“ကျနော့် အလုပ်သမားတွေအတွက် တစ်နေ့ဆို ဆန် ၂ တင်းချက် ကုန်တယ်၊ ဒါကဆန်သက်သက်နော်၊ ဟင်းစားရိတ် မပါသေးဘူး။ ကြာလာတော့ ကျနော်လည်း မတတ်နိုင်ဘူး၊ ဒါ့ကြောင့် သူတို့ရဲ့နေရပ်ကို ပြန်ပို့ရတာပါ” ဟု ၄င်းက ပြောသည်။

အချို့သောအလုပ်သမားများမှာ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်သော်လည်း စစ်ကြောရေးဂိတ်အထပ်ထပ်ကို မဖြတ်ကျော်နိုင်ခြင်းကြောင့် တောတွင်း၌ ပုန်းအောင်းနေကြရကြောင်း ၄င်းအလုပ်သမားများကို ခေါ်ဆောင်လာသူမှာလည်း ၄င်းတို့ခေါ်ဆောင်လာသော အလုပ်သမားများ၏ စားသောက်နေထိုင်ရေးကို မဖြေရှင်းပေးနိုင်သည့်အတွက် နောက်ဆုံးတွင် ထိုင်းရဲထံသို့ ဖုန်းဆက်ပြီး အဖမ်းခံလိုက်ရကြောင်း ၄င်းအလုပ်သမားများကို ဦးဆောင်လာသူတစ်ဦးက ပြောသည်။

“အဓိကဖမ်းတာက စစ်သားဂိတ်ပေါ့။ ရဲဂိတ်ကိုတော့ ကျနော်တို့ ဖြတ်လို့ရပါတယ်။ တခါတလေဆို ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လျှောက်ရတာပေါ့။ ခုတလော စစ်သားဂိတ် တအားများတော့ ဒီလိုပဲ တောမှာပုန်းနေရတယ်။ ထမင်းလည်း နပ်မှန်အောင် မစားနိုင်တော့ဘူး။ တစ်နေ့ဆို တစ်ကြိမ်ပဲ စားရတယ်။ ကြာတော့ ဒီလိုပဲ အဖမ်းခံလိုက်တယ်” ဟု ၄င်းကပြောသည်။

အဖမ်းခံရသော အလုပ်သမားများကို ထိုင်းရဲများနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ နေ့စဉ်ပြန်ပို့နေပြီး ယမန်နေ့ (၄/၅/၀၉) တစ်ရက်တည်းတွင် အလုပ်သမား (၅၀၀) ခန့် ပြန်အပို့ခံရကြောင်း ဘုရားသုံးဆူမြို့မှ မျက်မြင်တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း မြန်မာအလုပ်သမား ၄ ဦးကို ဦးဆောင်ပြီး ထိုင်းနိုင်ငံတွင်းသို့  ပို့ဆောင်သူ ကန်ချပူရီခရိုင် စံခလပူရီမြို့ ဝင်းကရွာမှ အသက်၂၀ အရွယ်ရှိ နိုင်အောင်စန်းမှာ ထိုင်းစစ်သားများ၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ဘုရားသုံးဆူဝန်းကျင်တဝိုက်ရှိ ကျေးရွာများတွင် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရန် သို့မဟုတ် မိမိနေရပ်သို့ပြန်ရန် အလုပ်သမား ၁၅၀၀ ခန့် ကျန်ရှိနေသေးကြောင်း အလုပ်သမား အများစုမှာ မွန်ပြည်နယ်မှ ဖြစ်ကြောင်း ၄င်းဒေသ၌ တာဝန်ထမ်းဆောင်နေသော မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးတစ်ဦးက ပြောသည်။