ဒေသခံတို့အတွက် အကျိုးမဖြစ်ထွန်းသော ကျိုက္ကမီ-စက်စဲ လမ်းပြင်ရေး

ဒေသခံတို့အတွက် အကျိုးမဖြစ်ထွန်းသော ကျိုက္ကမီ-စက်စဲ လမ်းပြင်ရေး
by -
ရိုင်မရော့
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အာဏာပိုင်တို့မှ ဖောက်လုပ်နေသည့် ကျိုက်ခမီ စက်စဲ ကမ်းနားအဖြောင့်လမ်းသည် ထိုဒေသအတွင်းရှိ လမ်းဖောက်လုပ်ရာတစ်လျှောက် ဖြတ်သန်းသွားသည့် ခြံများအတွက် များစွာထိခိုက်မှုရှိသည်ဟု ဒေသခံတို့က ပြော ...

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အာဏာပိုင်တို့မှ ဖောက်လုပ်နေသည့် ကျိုက်ခမီ စက်စဲ ကမ်းနားအဖြောင့်လမ်းသည် ထိုဒေသအတွင်းရှိ လမ်းဖောက်လုပ်ရာတစ်လျှောက် ဖြတ်သန်းသွားသည့် ခြံများအတွက် များစွာထိခိုက်မှုရှိသည်ဟု ဒေသခံတို့က ပြောသည်။

“ကျိုက်ခမီကနေ စက်စဲရောက်ဖို့က ရာဘာခြံတွေ အများကြီး ဖြတ်သွားရတယ်၊ အခု အာဏာပိုင်တွေ ဖောက်တဲ့လမ်းတွေကလည်း ရာဘာခြံတွေကို ဖြတ်ပြီးတော့ ဖောက်မှာဖြစ်တယ်၊ တချို့ဆိုရင် ခြံအလယ်တည့်တည့်ကို ဖြတ်သွားတယ်၊ တချို့က ခြံတဝက်လောက်ထိသွားတယ်၊ အဖြတ်ခံသွားတဲ့ခြံတွေကတော့ ခြံရှင်တွေနဲ့ တစုံတရာပြောဆိုခြင်းမရှိပဲနဲ့ သူတို့က ဒီအတိုင်းပဲ ” အနန်းစမ်းရွာခံတစ်ဦးက ပြောသည်။

အသစ်ဖောက်လုပ်မည့် ကျိုက်ခမီ စက်စဲကမ်းခြေအဖြောင့်လမ်းသည် ကျိုက်ခမီမြို့မှ ကရင်တောင်ကျေးရွာနှင့် အနန်းစမ်းကျေးရွာတို့ကိုဖြတ်သန်းသွားပြီး စက်စဲအထိ ဖောက်လုပ်မည်ဖြစ်သည်။ ၄င်းအဖြောင့်လမ်းသည် အရှည် ၁၄ မိုင်ရှိသည်ဟု ဇန်နဝါရီ လ ၃၀ ထုတ် အစိုးရမြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။

ရာဘာခြံအဖျက်သိမ်းခံရသည့် ခြံရှင်တစ်ဦး၏ ပြောပြချက်အရ “ရာဘာခြံဖျက်သိမ်းခံရတာက အများကြီးပဲ ဒါပေမယ့် ဧကပေါင်း ဘယ်လောက်အထိ ်ရှိမလဲဆိုတာ အတိကျမသိဘူး၊ အဖျက်ခံထားရတဲ့ ခြံရှင်တွေအတွက်တော့ ဘာလျော်မှ ကြေးမှ ပြန်မရဘူး၊ ဘာမှလည်း သူတို့ကို သွားမပြောရဲဘူး ကိုယ့်ခြံထိရင် ကိုယ်ခံရုံပါပဲ” ဟု ၄င်းက ပြောသည်။

၄င်းက ဆက်ပြောသည်မှာ “ခြံတွေပါ အဖျက်ခံရတာမဟုတ်ဘူး မြေထိုးကားနဲ့ လာဖျက်တဲ့အခါမှာ ကိုယ့်ခြံရောက်လာရင် ခြံရှင်ရော ကျေးရွာဥက္ကဌရော လာပြီးတော့ လုံခြံရေးအတွက် စောင့်ပေးနေရတယ်၊ ဒီလိုလုပ်ရတာဟာ ခြံရှင်တွေ သူတို့ကို တစ်ခုခုပြန်လုပ်မှာ ကြောက်တဲ့အတွက်ဖြစ်တယ်” ဟု ပြောသည်။

၄င်းဒေသအတွင်းရှိ ဒေသခံများသည် ရာဘာခြံကိုသာ အားထားလုပ်ကိုင်နေကြသည့် အတွက် အခုလို ရာဘာခြံဖျက်သိမ်းခံရမှုအပေါ် ဆက်လက်လုပ်ကိုင်စားသောက်ရန် အခက်ခဲများနှင့် ကြုံတွေ့နေကြရပေသည်။

“လမ်းဖောက်တဲ့ မြေထိုးကားတွေကို ရွာကနေပြီးတော့ သူတို့စားဖို့အတွက် ဥက္ကဌကနေ ရာဘာခြံရှိတဲ့အိမ်တွေကို ရာဘာခြံတစ်ကွက်ဆိုရင် (၂၅၀၀) ကျပ်နှုန်းဖြင့် ကောက်တယ် ရာဘာခြံနှစ်ကွက်ရှိတဲ့အိမ်ကျတော့ (၅၀၀၀) ပေးရတယ်၊ အဲဒီကောက်ထားငွေတွေနဲ့ပဲ သူတို့လိုရင် လိုသလို ပေးနေရပါတယ်၊ အဲဒါကုန်သွားရင်လည်း ထပ်ကောက်ဖို့တော့ ရှိအုံးမယ်” ဟု ၄င်းရွာခံက ဆက်ပြောပြသည်။

အဆိုပါ ကျိုက်ခမီ စက်စဲအဖြောင့်လမ်းသည် မြေသားလမ်းမှ ကတ္ထရာလမ်းအဆင့်အထိ ဖောက်လုပ်ရန်လျာထားပြီး ၄င်းလမ်းပြီးစီးပါက ကျိုက်ခမီနှင့် စက်စဲကို တိုက်ရိုက်သွားလာနိုင်ရုံမက ကမ်းခြေ၏ သာယာလှပသော သဘာဝအလှ ရှုခင်းတွေကိုလည်း ခံစားနိုင်သည်ဟု အစိုးရထုတ်သတင်းစာတွင် ဖော်ပြထားပါသည်။