မြဝတီမြို့တွင် ဆယ်တန်းစားမေးပွဲ ဖြေပြီးသည်နှင့်တပြိုင်နက် ရပ်ကွက်လူကြီးများနှင့် DKBA တို့မှ ဦးဆောင်ကာ လောင်းကစားဝိုင်းဖွင့်ပြီး ရန်ပုံငွေရှာရန်အတွက် လွန်ခဲ့သော သောကြာနေ့ကစပြီး ဇါတ်ပွဲသဘင် (၅) ဇါတ်သွင်း၍ တစ်လတာ ဖွင့်သွားမည်ဟု အမှတ်(၃) ရပ်ကွက်မှ မြို့ခံတဦးက ပြောသည်။
၄င်း၏ပြေပြချက်အရ DKBA နှင့် ရပ်ကွက်လူကြီးစုပေါင်းပြီး ရပ်ကွက်ရန်ပုံငွေအဖြစ် အကြောင်းပြုပြီး လောင်းကစားဝိုင်းများကို လှေဖြင့်နယ်စပ်ကို ကျော်ဖြတ်သည့် ဂိတ်(၅) ဂိတ်တွင် ဖွင့်နေသည်ဟု ၄င်းက ပြောသည်။
“ညတိုင်းကစားဝိုင်းရှိတယ်၊ လုံခြုံရေးကတော့ DKBA တွေချည်းပဲမဟုတ်ဘူး ရပ်ကွက်လူကြီးတွေပါ ပါနေတယ်၊ ကစားဝိုင်းမှာ ကောက်ရထားတဲ့ ပိုက်ဆံအားလုံးကို သူတို့တယောက်တဝက်ဆီ ဝေမျှနေတယ်” ဟု အမှတ် (၄) ရပ်ကွက် အတွင်းရှိ လူငယ်တဦးက ပြောသည်။
“ဒီလိုမျိုး ကစားဝိုင်းတွေ ဖွင့်နေတဲ့အတွက် သူခိုး၊ ဒမြတွေ များလာတယ်၊ ကျွန်တော်တို့ကတော့ အိပ်တဲ့အချိန်လည်း ကိုယ့်အိမ်က ပစ္စည်းပျောက်မှာကို စိုးရိမ်နေရတယ်၊ ဆိုင်ကယ်လဲ ပျောက်တာတွေ များများလာတယ်၊ ဒီလိုပွဲသွင်းတာ အပေါ်က ခွင့်ပြုချက်လည်း ပါနေတယ်၊ ခယက (ခရိုင်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကော်စီ) ကနေပြီးတော့ အပြည့်ခွင့်ပြုထားတယ်”ဟု ဒေသခံပြည်သူများက သုံးသပ် ကြသည်။
“ဒီလိုမျိုး ဇါတ်ပွဲသဘင်တွေ သွင်းနေတာ နှစ်တိုင်း လုပ်လေ့ရှိတယ်၊ ဒါပေမယ့် ခါတိုင်းနှစ်တွေကတော့ အများဆုံး (၃) နေရာလောက်ပဲရှိတယ်၊ ဒီနှစ်တော့ (၅) နေရာတောင် သွင်းထားတယ်”ဟု ဒေသခံများ က ပြောသည်။
လွန်ခဲ့သောနှစ်သည် DKBAအဖွဲ့ တဖွဲ့တည်းသာ ဦးဆောင်ပြီး ကစားဝိုင်းဖွင့်ခဲ့သည်။ ၄င်းတို့မှာ ဝါးပိုး တော၊ (၉၉၉)ဂိတ် နှင့် ဖား(၆) ကောင်တို့ဖြစ်ကြသည်။ ယခုနှစ်ဖွင့်ထားသော (၅) နေရာများမှာ ဝါးပိုး တော၊ (၉၉၉)ဂိတ်၊ ဖား(၆)ကောင်၊ ဟေမာန်ဦးဘုန်းကြီးကျောင်းနှင့် ဓမ္မရန်အောင် ဘုန်းကြီးကျောင်းတို့ ဖြစ်ကြသည်။
ကစားဝိုင်ဖွင့်ထားသော DKBA များကို မြို့ခံများက မကျေနပ်၍ ပြောချင်နေကြသော်လည်း မပြောရဲ ကြပေ။
“ဒီလိုကစားဝိုင်းဖွင့်တာ ဘယ်သူမှ သဘောမတူဘူး၊ ဒါပေမယ့် သူတို့ကို တားဆီးဖို့တော့ ကိုယ့်မှာက ပြောပိုင်ခွင့်မရှိဘူး” ဟု ဓမ္မရန်အောင် အနီးအနားရှိ ပြည်သူများက ပြောသည်။
DKBA ဦးဆောင်သည့် ကစားဝိုင်းများသည် မြဝတီနယ်တခွင်သာမက ရန်ပုံငွေအတွက် အကြောင်း ပြကာ စစ်အစိုးရအထံမှ ခွင့်ပြုချက်တောင်းပြီး မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ မွန်ရွာများထဲတွင်လည်း ယနေ့အထိ ဖွင့်လှစ်နေဆဲဖြစ်ကြောင်း သိရသည်။