ရန်ကုန်မြို့တွင် နွေရာသီ အခြေခံ မွန်စာပေသင်တန်း (၇) မြို့နယ် ဖွင့်လှစ်မည်

ရန်ကုန်မြို့တွင် နွေရာသီ အခြေခံ မွန်စာပေသင်တန်း (၇) မြို့နယ် ဖွင့်လှစ်မည်
by -
ဟွန်းဟကောင်း
နွေရာသီ မွန်စာပေ သင်တန်းသည် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်)မှ ဦးဆောင်ပြီး နှစ်စဉ် ဖွင့်လှစ် သင်ကြားလျှက်ရှိကာ ယခုနှစ် နွေရာသီ ကျောင်းပိတ်ရက်တွင် မွန်စာပေ သင်တန်းကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် (၇) မြို့နယ်တွင် သင်ကြားသွားမည်ဟု သိရ ...

နွေရာသီ မွန်စာပေသင်တန်းသည် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ ဦးဆောင်ပြီး နှစ်စဉ် ဖွင့်လှစ်သင်ကြားလျှက်ရှိကာ ယခုနှစ် နွေရာသီ ကျောင်းပိတ်ရက်တွင် မွန်စာပေ သင်တန်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၇) မြို့နယ်တွင် သင်ကြားသွားမည်ဟု သိရသည်။

ယခုနှစ်တွင် သင်တန်းများကို ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မင်္ဂလာဒုံပုလဲမြို့သစ်တို့့၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယခုနှစ်သည် ယမန်နှစ်ထက် မြို့နယ်များ တိုးလာသည်ဟု တနင်္လာနေ့တွင် လှိုင်မြို့နယ်ရှိ စာပေသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သော မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးက ပြောသည်။ ကျန်ရှိနေသည့် မြို့နယ်များကို လာမည့်ကြာသပတေးနေ့နှင့် အခြားရက်များတွင် ဖွင့်လှစ်သွားမည်ဟုလည်း ဆိုသည်။

"ကျွန်တော်တို့ ဒီနွေရာသီ သင်တန်းကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က ဒီရန်ကုန်မှာက မွန်ပြည်နယ်မှာနဲ့ မတူဘူး၊ ဟိုမှာကျတော့ မွန်စာနဲ့ မွန်စကားကို အားလုံးလိုလိုက တတ်ကြတယ်၊ ပြီးတော့ နေ့တိုင်းမွန်စကားကိုပဲ ပြောနေရတယ်ဆိုတော့ လွယ်လွယ်နဲ့ မေ့ပျောက်သွားဖို့ ဆိုတာက မလွယ်ဘူး၊ ရန်ကုန်မှာကျတော့ ခုခေတ်မွေးတဲ့ ခလေးတွေက မွန်စကားကို သိပ်မပြော ကြတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေကလည်း ၀မ်းစာအတွက် ကိုယ့်ကိစ္စကိုယ် အလုပ်တွေရှုပ်နေတော့ ခလေးတွေဘက်ကို မကြည့်အားတာနဲ့ ခလေးတွေအများစုက မွန်စကားကို ပြောတတ်ဖို့မပြောနဲ့ နားလည်နိုင်တဲ့ သူတွေတောင် တော်တော်ရှားသွားပြီ" ဟု ယင်းကော် မတီဝင်က ဆက်ပြောသည်။

"ကျွန်တော်တို့ဘက်ကတော့ တတ်နိုင်ရင် လာတက်တဲ့ ကျောင်းသားတွေကို ဆရာပြန်လုပ်နိုင်တဲ့ အဆင့်ထိကို သင်ပေးချင်တာ၊ ဒါပေမယ့် လာတက်တဲ့ ကျောင်းသားတွေက အသက်အရမ်းငယ်တော့ မလိုက်နိုင်ကြဘူး၊ ပြီးတော့လဲ သူတို့က ဒီကျောင်းစပိတ်တဲ့ အချိန်လေးမှာပဲ သင်ခွင့်ရတယ်လေ၊ တစ်လလောက် ကျော်သွားပြီးရင်တော့ သူတို့က ကျူရှင်တွေတက်ဖို့ ပြင်ဆင်ရအုံးမှာကိုး၊ ဒါပေမယ့့် ကျွန်တော်တို့ရတဲ့ အချိန်လေးမှာ ကိုယ့်စာပေနဲ့ ယဉ်ကျေးမှုကို ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားနိုင်မယ့် မျိုးဆက်သစ်တွေကို မွေးထုတ်သွားနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဒီသင်တန်းကို နှစ်တိုင်း ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်ပါတယ်" ဟု သင်တန်းပို့ချပေးမည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကလည်း "ကျွန်မတို့သားသမီးတွေကို မွန်စာတတ်စေချင်တာ ကြာပါပြီ၊ ဘယ်မှာသင်ရမှန်းမသိ ဖြစ်နေတာနဲ့ အခုတော့ အတော်ပဲ၊ အိမ်မှာရှိတဲ့ ကလေးတွေက မွန်စကားကို နားတော့လည်တယ် သိပ်မပြောဖြစ်ကြဘူး၊ ဒါပေမယ့် စာကိုပါ တတ်ထားရင်တော့ ပိုပြီးတော့ အကျိုးရှိတာပေါ့၊ ကိုယ့်လူမျိုးရဲ့ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းရာလည်းရောက်တာပေါ့" ဟု ပြောသည်။

မွန်စာပေသင်ကြားမှုများကို ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ စတင်တည်ထောင်ခဲ့သည့် ၁၉၇၂ ခုနှစ်အချိန်အတည်းကပင် တက္ကသိုလ်အသီးသီးမှ မွန်ကျောင်းသားများနှင့် ပူးပေါင်းကာ ဖွင့်လှစ်သင်ကြားခဲ့သော်လည်း ယခုအခါ သင်တန်းပို့ချပေးမည့် တက္ကသိုလ်ကျောင်းသား အများစုမှာ မိသားစု၏ စားဝတ်နေရေးအတွက် လုံးပမ်းနေရသောကြောင့် အချိန်မပေးနိုင်တော့သဖြင့် အချို့မြို့နယ်များတွင် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ၏ အကူအညီဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် မွန်စာပေပြန့်ပွားရေးကို ဆက်လက် ဆောင်ရွက်လျှက် ရှိပေသည်။