ကျောင်းသားများ လျှပ်စစ်မီးရရှိရန် ဆန္ဒပြပြီးနောက် အာဏာပိုင်မှ မီးစက်ဝယ်ခိုင်း

ကျောင်းသားများ လျှပ်စစ်မီးရရှိရန် ဆန္ဒပြပြီးနောက် အာဏာပိုင်မှ မီးစက်ဝယ်ခိုင်း
by -
မင်းအာသ၊ံ မိမွန်စွန်း
ကျောင်းသားများ လျှပ်စစ်မီးရရန် ဆန္ဒပြပြီးနောက်ပိုင်းမှာ မော်လမြိုင်မြို့ မြိုင်သာယာရှိ ရပ်ကွက်လူကြီးများ ရယက မှ အဆောင်မှူးများကို အစည်းအဝေးခေါ်ယူပြီး တပတ်အတွင်း ကိုယ်ပိုင်မီးစက်များကို ဝယ်ယူရန် ညွှန်ကြားခဲ့သည်ဟု မြိုင်သာယာ အဆောင်ပိုင်ရှင်များထံမှ ကြားသိရ ...

ကျောင်းသားများ လျှပ်စစ်မီးရရန် ဆန္ဒပြပြီးနောက်ပိုင်းမှာ မော်လမြိုင်မြို့ မြိုင်သာယာရှိ ရပ်ကွက်လူကြီးများ ရယက မှ အဆောင်မှူးများကို အစည်းအဝေးခေါ်ယူပြီး တပတ်အတွင်း ကိုယ်ပိုင်မီးစက်များကို ဝယ်ယူရန် ညွှန်ကြားခဲ့သည်ဟု မြိုင်သာယာ အဆောင်ပိုင်ရှင်များထံမှ ကြားသိရသည်။

မတ်လ (၇)ရက်နေ့က ရယက မှတဆင့် အဖွဲ့သား သုံးဦးကို မော်တော်ဆိုင်ကယ်နှင့် စေလွှတ်ပြီး အဆောင်ပိုင်ရှင် အသီးသီးအထံသို့ (၈) ရက်နေ့ မနက် (၇) နာရီနှင့် (၈) နာရီအကြား (ရယက) ရုံးတွင် အစည်းအဝေး တက်ရောက်ရန် အသိပေးခဲ့သည်။

“ရယက လာခေါ်တာကတော့ အစည်းအဝေးတက်ဖို့ပဲ၊ ဘာအတွက်လဲဆိုတာတော့ ပြောမသွားဘူး၊ ဟိုရောက်တော့မှ မီးစက်ဝယ်ခိုင်းတယ်၊ သူတို့ပြောတော့ တစ်ပတ်အတွင်းဝယ်ရမယ်၊ အဆောင်မှာ မီးစက်မရှိလို့ ကျောင်းသားတွေ အခက်အခဲဖြစ်တာ၊ ကျောင်းသားဆန္ဒပြတဲ့ အကြောင်းက အဆောင်ပိုင်ရှင်ကို ပုံချပြီးပြောတယ်၊ ဒါကြောင့် ရပ်ကွက်လူကြီးက အတင်းအဓမ္မဝယ်ခိုင်းတယ်” ဟု အမျိုးသား အဆောင်ပိုင်ရှင်တဦးက ပြောသည်။

ရယက လူကြီးက မြိုင်သာယာအတွင်းရှိ အဆောင်ပိုင်ရှင်အာလုံး အစည်းအဝေးတက်ရမည်ဟု အကြောင်း ကြားထားသော်လည်း အစည်းအဝေးကို မတက်ရောက်သည့် အဆောင်ပိုင်ရှင်များ လည်း  ရှိကြသည်ဟု သိရသည်။

၄င်းအဆောင်ပိုင်ရှင်၏ ပြောပြချက်အရ “ကျွန်တော်တို့ မီးစက်ဝယ်ရမယ်လို့ ဟိုမှာဝန်ခံကတိလက် မှတ်ထိုးခဲ့ရတယ်၊ ကျွန်တော်တို့ကလည်း ပိုက်ဆံမရှိလို့ မဝယ်နိုင်လည်းမရဘူး၊ မီးစက်ဝယ်ဖို့ အာဏာပိုင်တွေက တစ်ပတ်အချိန်ပေးထားတယ်” ဟုပြောသည်။

လွန်ခဲ့သောသောကြာနေ့ ညနေ (၉) နာရီအချိန်တွင် မော်လမြိုင််တက္ကသိုလ် ကျောင်းသားနှင့် ၁၀ တန်းကျောင်းသားများ စုစုပေါင်း အယောက် (၁၀၀) ကျော်ခန့်  စုပေါင်းပြီး မော်လမြိုင်မြို့ မန္တလေးရပ်ကွက် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးမီးစက်ရုံ နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် မော်တော်ဆိုင်ကယ်ဖြင့် လှည့်လည်ပြီး မြိုင်သာယာရက်ကွက်တွင် လျှပ်စစ်မီး ပေးရန် တောင်းဆိုခဲ့ကြသည်။

“အခုအချိန်က ၁၀ တန်းကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ စားမေးပွဲဖြေဖို့ အရမ်းနီးကပ်တဲ့ အချိန်ဖြစ်တယ်၊ လျှပ်စစ်းမီးမလာတော့ ကျောင်းသားတွေအတွက် အခက်အခဲ အများကြီးဖြစ်တယ်” ဟု မြိုင်သာယာ အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကျောင်းသားတွေ စုပေါင်းဆန္ဒပြပြီး နောက်တစ်နေ့တွင် မြိုင်သာယာ ရပ်ကွက်တစ်ခုလုံး မီးမှန်မှန်လာနေသည်ဟု မြိုင်သာယာ ရပ်ကွက်သားများက ဆိုသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ကျောင်းသားတစ်ဦးက “ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့  မြိုင်သာယာကနေ စစထွက်ချင်း ကျောင်းသား အယောက် (၃၀) လောက်ပဲပါတယ်၊ လမ်းမကြီးပေါ်ရောက်သွားတော့ ကျောင်းသားတွေ စုပေါင်းပြီး အယောက် ( ၁၀၀) ကျော်လောက်ဖြစ်သွားတယ်” ဟု ပြောသည်။

၄င်းကျောင်သား ဆက်ပြောသွားတာကတော့ စာမေးပွဲလည်းနီးပြီး လျှပ်စစ်မီးမရတာကို မကျေနပ်ဖြစ်ပြီး ဆန္ဒပြတာဟု ပြောသည်။ အကယ်၍ လျှပ်စစ်မီး ပြန်လည်ပြတ်တောက်ခဲ့လျှင် ၄င်းတို့က ဆက်ပြီးဆန္ဒပြဦးမည်ဟု ပြောသည်။

ငန်းတေးမီးစက်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးကတော့ “ သောကြာနေ့ ညနေက ကျောင်းသား အယောက်တစ်ရာကျော် ဆိုင်ကယ်နဲ့ ရောက်လာတယ်၊ ကျောင်းသားတွေကို မီးစက်ကွင်းထဲမှာ နေတဲ့ ရဲတွေက ပြန်ဖို့ပြောခဲ့တယ်၊ ကျောင်းသားတွေက မီးမှန်မှန်ပေးဖို့ တောင်းဆိုခဲ့တယ်” ဟု ပြောသည်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလက မော်လမြိုင်တက္ကသိုလ်အတွင်းတွင် ပါချုပ်မှ ဆရာတစ်ယောက်လျှင် ကျောင်းသူ/သား အယောက် ( ၂၀ ) တာဝန်ယူပြီးစောင့်ကြည့်ရမည်ဟု တက္ကသိုလ်ဆရာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပြဿနာတစ်ရပ်ပေါ်လာရင် ဆရာတစ်ယောက်အနေနဲ့ တာဝန်ယူ ဖြေရှင်းပေးရမယ်၊ တခုခု ဖြစ်သွားခဲ့ရင် အဲဒီဆရာက အားလုံးတာဝန်ယူရမယ်” ဟု ၄င်းကဆက်ပြောသည်။

ကျောင်းသားတို့၏ပြောချက်အရ ကျောင်းကို အချိန်မှန်မှန်တက်နိုင်ရန် Roll call ရာခိုင်နှုန်းပြည့်ဖို့ရန်၊ စည်းကမ်းရှိရန် ဆရာ/ မ မှထုတ်ပေးသော form ကိုလည်း ဝန်ခံကတိအနေနှင့် လက်မှတ်ထိုးပေးထားရသည်ဟု သိရှိရသည်။

Most read this week