မွန်ပြည်နယ်ရှိ ကျေးရွာများတွင် ရွှေ့ပြောင်း လာရောက်လုပ်ကိုင်နေသော အလုပ်သမား အများစုသည် ဒေသခံများကို လူအင်အားများများဖြင့် ခြိမ်းခြောက် လုယက်နေခြင်းကြောင့် ဒေသခံများမှာ ၄င်းတို့ကို ကြောက်ရွံ့နေကြသည်။
အလုပ်အကိုင် ဝင်ငွေ နည်းပါးလာခြင်းကြောင့် ကျေးရွာများတွင် လာရောက် လုပ်ကိုင်နေကြ သော အလုပ်သမား အများစုသည် အုပ်စုဖွဲ့၍ ဒေသခံများကို နည်းအမျိုးမျိုးဖြင့် အနှောင့် အယှက် ပေးနေကြသည်။
ယင်းကျေးရွာတွင် လာရောက်လုပ်ကိုင်နေသူများမှာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းမှ အများစုဖြစ်ကြပြီး ၄င်းတို့သည် ရာဘာခြံများ၊ ဟင်းသီးဟင်းရွက်စိုက်ခြံများ၊ ဆားဖို များနှင့် အုတ်ဖိုများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။
"ကျွန်မတို့ရွာမှာ အခုတလော အလုပ်သမားတွေ၊ ခြံစောင့်တွေကို ကြောက်နေရတယ်၊ ခြံ သွားရင် သူတို့တွေအုပ်စုနဲ့လိုက်တော့ ကျွန်မတို့ ထွက်ပြေးကြရတယ်၊ ပစ္စည်းပါရင် ပစ္စည်း လုတယ်၊ ပစ္စည်းမပါလည်း လူကိုဒုက္ခပေးတယ်" ဟု သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာမှ ရာဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပွားနေသည်မှာ ၃-၄ ကြိမ်ရှိနေပြီဖြစ်သော်လည်း ရွာခံ များ ထွက်ပြေးလွတ်မြောက်ခဲ့၍ ပစ္စည်းတစ်စုံတစ်ရာ ၄င်းတို့ မရရှိခဲ့ချေ။ ယခင်တွင် ဤကဲ့ သို့သော အဖြစ်အပျက်များ မဖြစ်ပွားဖူးခဲ့ပါ။ အလုပ်အကိုင်နည်းပါးလာခြင်းကြောင့် လည်း ကောင်း၊ အလုပ်သမားအင်အားစု များလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု သူမ၏ထင် မြင်ချက်ကို ပြောပြသည်။
"ကျွန်တော်တို့လယ်ထဲမှာ ကောက်စိုက်ထားတဲ့ အချိန်တွေမှာလည်း အပင်သန်တုန်း စပါး ပင်တွေကြား သူတို့တွေ ငါးမြှံုးထောင်လိုက်လည်း သူတို့တွေကို မပြောရဲဘူး၊ ကိုယ်က တစ်ယောက်ထဲ၊ သူတို့တွေက အုပ်စုလိုက်ဆိုတော့ ပြောရင်ကိုယ်ခံသွားရမှာ" ဟု ရေးမြို့နယ်မြောက်ပိုင်း တောင်ဘုံရွာမှ လယ်သမားကြီးတစ်ဦးက ပြောသည်။
ရေးမြို့နယ် တောင်ပိုင်း နှီးနှူကျေးရွာတွင် ခြံပိုင်ရှင်များသည် မိမိခြံထဲသို့ အုပ်စုဖွဲ့၍ ကွမ်း သီး၊ သံပုရာ စသည့် ခြံထွက်သီးနှံများ ဝင်ရောက်ခူးဆွတ်သည်ကို ကိုယ်တိုင်တွေ့သော် လည်း လူအုပ်စုကို ကြောက်၍ ရှောင်ထွက်သွားရသည်ဟုလည်း ကိုယ်တိုင်ကြံုတွေ့ခဲ့ရသူ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။ ရေးမြို့တောင်ပိုင်းရှိ အင်ဒင်ရွာတွင်လည်း ထိုကဲ့သို့ပင် ကြံု တွေ့နေရသည်ကို ဒေသခံများမှ သိရှိရသည်။
ထိုကဲ့သို့ပင် မုဒုံမြို့နယ်၊ ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကော့ဘိန်းရွာအပါအဝင် ၄င်း အနီးတစ်ဝိုက်ရှိ ကျေးရွာတို့တွင်လည်း ဤကဲ့သို့သော အုပ်စုလိုက် အနိုင်ယူခြင်းများရှိ သည်ဟု ဒေသခံများက ပြောသည်။ ၄င်းတို့သည် အုပ်စုဖွဲ့၍ ဒေသခံများ၏ လယ်၊ ခြံထဲရှိ သီးနှံများကို လိုသလိုခူးယူသွားသည်လည်းရှိသည်။ ဒေသခံတို့မှာ လူအုပ်စု အန္တရာယ်ပြုခံ ရမည်ကို ကြောက်လန့်၍ ၄င်းတို့နှင့် ဆုံသောအခါ ရှောင်ထွက်သွားကြရသည်။
"အများအားဖြင့်တော့ သူတို့တွေစားမလောက်လို့ အဲလိုလုပ်ကြရတာထင်တယ်၊ တစ်ချို့ တွေလည်းရှိတယ် အလုပ်လုပ်တာ လက်ကြောမတင်းပဲ လူတွေစု၊ မူးယစ်သောက်စားပြီး ခြောက်စားလှန့်စား တဲ့သူတွေပေါ့၊ သူတို့တွေက သက်သက်အကြံအဖန်နဲ့လာတာလေ၊ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာမျိုးပေါ့၊ ကျွန်တော်တို့က ရိုးရိုးသား လာလုပ်စားတာပါ ကိုယ့်အလုပ်ရှင်ကို လေးလေးစားစားနဲ့ ဆက်ဆံရတာ၊ ဒါမှ အချင်းချင်းရေရှည်လက်တွဲလို့ ရကြမှာ" ဟု ကလော့သော့ရွာတွင် ရာဘာခြံစောင့်အလုပ်ကို လာရောက်လုပ်ကိုင်နေသော ဧရာဝတီတိုင်းမှ အလုပ်သမားတစ်ဦးက ပြောသည်။
မိမိတို့၏ ဇာတိတွင် အလုပ်ရှား၍ ဝင်ငွေနည်းသောကြောင့် ဤကဲ့သို့ တစ်ရပ်တစ်ကျေးသို့ ပြောင်းရွှေ့လုပ်ကိုင်နေကြရပြီး စီးပွားဖြစ်နေ၍လည်း နေရပ်သို့လွယ်လွယ်နှင့် မပြန်နိုင်ကြ ခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
ညောင်လေးပင်မှ လာရောက်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦး၏အပြောအရ "ကျွန်တော်တို့နယ်ဘက်မှာဆိုရင် တစ်နေ့လုပ်အားခ ၆၀၀ လောက်ပဲရတာ၊ အများဆုံးဆို ၁၀၀၀ ပဲ၊ မွန်တွေက ယိုးဒယားဘက်ကိုသွားပြီး အလုပ်လုပ်ကြသလိုပဲ ကျွန်တော်တို့က မွန်ပြည်နယ်မှာ စီးပွားလာရှာတာ၊ ကျွန်တော်တို့အတွက် ကိုယ့်ရွာမှာနေတာထက် ပိုပြီးတော့ စီးပွား ဖြစ်တယ်လေ" ဟု သူ ရွှေ့ပြောင်းပြီး လာရောက်လုပ်ကိုင်ရသည့် အကြောင်းရင်းကို ပြောပြသည်။
နှစ်ကရင်ကျေးရွာတွင်လည်း အလုပ်လာရောက်လုပ်သူအချင်းချင်းသော်လည်ကောင်း၊ ရွာခံများမှသော်လည်းကောင်း လူများစုကို လူနည်းစုတို့က ကြောက်ရွံ့နေကြရသည်။ မိမိတို့၏လယ်၊ ခြံသို့သွားရာတွင် သတိနှင့် သွားလာနေကြရသည်။ လွန်ခဲ့သော ၂၀၀၇ ခုနှစ်တွင် နှစ်ကရင်ရွာသူတစ်ဦး ၄င်း၏ရာဘာခြံမှ အပြန်တွင် နားမှနားကပ်အလုခံခဲ့ ရသည်ဟု ရေးမြို့နယ်မြောက်ပိုင်းမှ နှစ်ကရင်ရွာခံတစ်ဦးက ပြောသည်။
အချို့ရွာတို့တွင် အလုပ်လာရောက်လုပ်ကိုင်သော အလုပ်သမားများသည် ဥက္ကဋ္ဌထံတွင် လစဉ်အခွန်ပေး၍လည်းကောင်း၊ အပတ်စဉ် ဧည့်စာရင်းတိုင်ခြင်းဖြင့်လည်းကောင်း ရွာ ဥက္ကဋ္ဌတို့နှင့် အဆင်ပြေသလိုပေါင်း၍ နေထိုင်လျှက် ရှိကြသည်။ ထိုသူများထဲတွင် တပ်မှ ထွက်လာသော စစ်သားဟောင်းများလည်း ပါဝင်ကြသည်။ အချို့ကျေးရွာတို့တွင် တစ်နှစ် ပတ်လုံး နေထိုင်ခွင့်ပေးထား၍ တစ်ဖြေးဖြေးဦးရေများလာနေသည်။