ထိုင်း Liberty Insurance Company ကနေ အလုံပိတ်ကားပေါ်မှ သေဆုံးသွားသော မြန်မာအလုပ်သမား ၅၄ ဦးကို လာမည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် လျော်ကြေး ငွေပေးမည်ဟု သိရသည်။
သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးထဲမှာ အလုပ်သမား ၄၆ ဦးကို ထိုင်းအာမခံ ကုမ္ပဏီမှ တစ်ဦးချင်းစီကို ထိုင်းဘတ်ငွေ တစ်သိန်းစီ လျော်ကြေးပေးမည်ဖြစ်ပြီး ယခုလော လောဆယ်တွင် ၃ သောင်းခွဲ အရင်ပေးမည်ဟု ရွှေ့ပြောင်းရေးရာအလုပ်သမား တာဝန်ခံ (FTUB) ဦးတင်ထွန်းအောင်က ပြောသည်။
သေဆုံးသွားသောအလုပ်သမား ၄၆ ဦးတို့ မိသားစုဝင်များကို ကော့သောင်းမြို့တွင်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းပြီး ၄င်းအလုပ်သမား မိသားစုဝင်များနှင့် အဆက်အသွယ်ရယူထားပြီးဖြစ်သည်။ ကျန်ရှိသောအလုပ်သမား ၈ ဦးမှာ သက်သေအထောက်အထား အခိုင်အလုံ မရရှိသေးသောကြောင့် လျော်ကြေးပေးရန် အတည်မပြုနိုင်သေးဘူးဟု ဦးတင်ထွန်းအောင်က ဆက်ပြောသည်။
လာမည့် ဖေဖော်ဝါရီလ ၁၈ နေ့တွင် FTUB, Law Society of Thai နှင့် ရနောင်းမှာရှိသော NGOs အဖွဲ့အစည်းတို့နှင့် ပူးပေါင်းပြီး အလုပ်သမားများ လျော်ကြေးထုတ်ယူရန်အတွက် ကူညီလုပ်ဆောင်သွားမည်ဖြစ်သည်။
အလုပ်သမား ၄၆ ဦးတို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံဘက်ကမ်းရှိ ကော့သောင်းမြို့ ကိုရောက်ရှိနေပြီး ရနောင်းမှာရှိတဲ့ ထိုင်းအစိုးရ အာမခံကုမ္ပဏီမှာ လျော်ကြေးငွေထုတ်ယူ ရမည်ဟု ၄င်းအလုပ်သမား ၄၆ ဦးကိစ္စကို ကူညီဆောင်ရွက်ပေးနေသည့် ရနောင်းမှ NGOs ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ၏ဥပဒေအရ အာမခံကုမ္ပဏီ အနေနှင့် သေဆုံးသွားသော အလုပ်သမားများ အတွက် လျော်ကြေးငွေပေးဆောင်ရမည်ဟု ဒီအမှုကို လိုက်လံဆောင်ရွက်ပေးနေသည့် (NGOs) အဖွဲ့အစည်းတို့က ပြောသည်။
မြန်မာအစိုးရအနေနှင့် အလုပ်သမား ၄၆ ဦး၏ အိမ်ထောင်စုစာရင်းကို ရရှိထားပြီး အာမခံ ကုမ္ပဏီကို တင်ပြသည့်အခါ ကုမ္ပဏီက မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးမှာ ထောက်ခံ ချက်ယူရမည်ဟု ဆိုသောကြောင့် အခုလို လျော်ကြေးငွေပေးတာ နောက်ကျရခြင်း ဖြစ် သည်။
၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့ တွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ဝင်ရောက်လာသော မြန်မာရွေ့ပြောင်းအလုပ်သမား ၁၂၁ ဦးတို့သည် ရနောင်းမြို့မှ ဖူးကက်မြို့သို့ အလုံပိတ် ကုန်တင်ကားတစ်စီးဖြင့် ဝင်ရောက်လာစဉ် အလုပ်သမား ၅၄ ဦးတို့သည် ကား၌ တပ်ဆင်ထားသော လေအေးစက် ရပ်ဆိုင်းသွားသောကြောင့် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
“ထိုင်းအာမခံ ကုမ္ပဏီကတော့ အလုပ်သမားတစ်ဦးစီကို ယခုလောလောဆယ်မှာတော့ ဘတ် ၃ သောင်းခွဲ အရင်ပေးမမယ်၊ ကျန်ရှိနေတဲ့ ငွေတွေကိုတော့ အမှုပြီးမှ အားလုံး ပေးမယ်” ဟု ဦးတင်ထွန်းအောင် ကဆက်ပြောသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ထိုင်းနိုင်ငံ ရနောင်းရှိ Liberty Insurance Company သို့ မြန်မာအလုပ်သမားများအား လျော်ကြေးငွေပေးခြင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၄င်းကိစ္စကို သိသော်လည်း အရေးကြီးသောအမှုဖြစ်သည့်အတွက် ၄င်းတို့အနေဖြင့် ဖြေဆိုခွင့်မရှိဟု ဆိုသည်။