ပယ်ဖျက်ခံရသည့် သဘာပတိမိန့်ခွန်းအတွက် လက်မှတ်ထိုးပေးရ

ပယ်ဖျက်ခံရသည့် သဘာပတိမိန့်ခွန်းအတွက် လက်မှတ်ထိုးပေးရ
by -
ရိုင်မရော့
၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ဖတ်ကြားရန် အာဏာပိုင်တို့မှ ပယ်ဖျက်လိုသည့် သဘာပတိ မိန့်ခွန်းတချို့အတွက် မြို့နယ်အဆင့်ရှိ မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီတို့က အခမ်းအနားတွင် မဖတ်ကြားကြောင်းကို ဝန်ခံကတိပြု လက်မှတ်ရေးထိုးပေးခဲ့ရ ...

၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် ဖတ်ကြားရန် အာဏာပိုင်တို့မှ ပယ်ဖျက်လိုသည့် သဘာပတိ မိန့်ခွန်းတချို့အတွက် မြို့နယ်အဆင့်ရှိ မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီတို့က အခမ်းအနားတွင် မဖတ်ကြားကြောင်းကို ဝန်ခံကတိပြု လက်မှတ်ရေးထိုးပေးခဲ့ရသည်။

မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) မှ မွန်တမျိုးသားလုံးအတွက် ထုတ်ပြန် ထားသည့် သဘာပတိမိန့်ခွန်းများကို အာဏာပိုင်တို့က (ဗဟို) အဆင့်ထိ ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိသော်လည်း မြို့နယ်အဆင့်တွင် သဘာပတိမိန့်ခွန်းတွင်ပါသည့် စာပိုဒ်နှင့် မွန်စာပေဆိုင်ရာ စာတမ်းမှ စာပိုဒ်အချို့ကို အခမ်းအနားတွင် ဖတ်ကြားခွင့်မရပေ။

သဘာပတိမိန့်ခွန်းမှ ပယ်ဖျက်သည့်စာပိုဒ်သည် “နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် မွန်အမျိုးသားတို့ဟာ မိမိတို့ရဲ့အမျိုးသားရေးကို မိမိတို့ပဲ ဖန်တီးကြရမှာဖြစ်ပါတယ်။ လောကဓံတရားတွေကို ဆက်လက်ကြုံတွေ့ရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။ အခက်အခဲ အဟန့်အတားနဲ့ ကြုံတွေရင်ဆိုင်နေရဦးမှာ ဖြစ်ပါတယ်။ ဒီလောကဓံ၊ အခက်အခဲ၊ အဟန့်အတားတွေကို ကျော်လွှားဖြတ်သန်းတဲ့အခါမှာ တစ်ယောက်အား တစ်ဖွဲ့အားနဲ့ယူ သော်မရ၊ တစ်သောင်းအားနဲ့ယူသော်ရ၏ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ အားလုံးတစ်စိတ်တည်း တစ်ဝမ်းတည်း ညီညီညာညာ စုပေါင်းလက်တွဲပြီး ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းယင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ဖြစ်သည်။

မွန်စာပေဆိုင်ရာ စာတမ်းမှ ပယ်ဖျက်သည့်စာပိုဒ်မှာ “၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် မွန်စာ ပေသင်ကျောင်းများနှင့် တက္ကသိုလ်တွင် မွန်စာသင်ကြားခွင့်တို့သည်လည်း ရပ်ဆိုင်းသွားခဲ့ ရသည်။ နောက်ပိုင်းတွင် ပထမပြန်စာမေးပွဲ၌ မွန်ဘာသာမေးခွန်းဖြင့် သံဃာတော်များ၏ ဖြေဆိုခွင့်သည်လည်းရပ်ဆိုင်းခံခဲ့ရပြီး ဖြေဆိုခွင်ပြန်လည်ရရှိအောင် ပြန်လည်ကြိုးပမ်းခဲ့ရ သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြန်သည်” ဟု ဖြစ်သည်။

(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ဥက္ကဌ၏ ဒေါက်တာ မင်းစိုးလင်း၏ ပြောပြချက်အရ “သဘာပတိမိန့်ခွန်းကိုတော့ ကျနော်တို့ (ဗဟို) ကနေ မြို့နယ်အသီးသီးဆီကို ဖြန့်ဝေထားတယ်၊ ကျနော်တို့ကြားတာက တချို့မြို့နယ်တွေမှာ အာဏာပိုင်တွေက ပယ်ဖျက်ခိုင်းထားတာရှိတယ်၊ ဒါပေမယ့် (ဗဟို) ထိတော့ ဘာမှ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘူး၊ (ဗဟို) မှာတော့ ကျနော်တို့ထုတ်ပြန်ထားတဲ့ အတိုင်းပဲ၊ ဘယ်အာဏာပိုင်ကမှ တားဆီးတာတို့ ကန့်ကွက်တာတို့မရှိဘဲနဲ့ တစ်ခွန်းမကျန် ဖတ်ကြားသွားပြီးတော့ အခမ်းအနားကို အောင်အောင်မြင်မြင်ပဲ ပြီးစီးသွားခဲ့ပါတယ်” ဟု ပြောပါသည်။

၄င်းက ဆက်ပြောသည်မှာ “ကျနော်တို့က မွန်အမျိုးသားနေ့ ကျင်းပပုံအဆင့်ဆင့်ကိုတော့ ပြည်နယ်ကို ဇန်နဝါရီလ (၇) ရက်နေ့မှာ တင်ပြထားတယ်၊ သူတို့ဘက်က တစ်စုံတစ်ရာ ဘာမှ ပြောကြားခြင်းမရှိခဲ့ဘူး၊ အခု သူတို့ပယ်ဖျတ်ထားတဲ့ စာပိုဒ်တချို့ကလည်း ဗဟိုထိ ဘာမှမပြောဘဲနဲ့ မြို့နယ်အဆင့်မှာပဲပြောနေတာဟာ ဒါက သူတို့ ခြိမ်းခြောက်တာပဲ ဖြစ်မယ်” ဟု ပြောသည်။

မုဒုံမြို့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီတို့၏ ပြောပြချက်အရ ဖေဖော်ဝါရီ (၉) ရက် နေ့တွင် သဘာပတိမိန့်ခွန်း၌ပါသည့် စာပိုဒ်အချို့ကို မုဒုံမြို့ပေါ်ရှိ မယကမှ အခမ်းအနားတွင် မဖတ်ကြားရန် လာရောက်တားဆီးပိတ်ပင်ထားခြင်း ရှိခဲ့သည်၊ ၄င်းတို့ပြောပြချက်အရ ခရိုင်ကနေ ညွှန်ကြားလာတာဖြစ်ပြီး အဲဒီနေ့တွင် သူတို့ပယ်ဖျက်ထားခိုင်းသော စာပိုဒ်နှင့်တကွ အခမ်းအနားမှာ မဖတ်ကြားဘူးဆိုသည့် ကတိဝန်ခံချက်ကို ၄င်းတို့ ရှေ့မှောက်တွင် လက်မှတ်ရေထိုးပေးခဲ့ရသည်ဟု ပြောသည်။

အာဏာပိုင်တို့က ဖတ်ကြားခွင့်မပြုသည့် သဘာပတိမိန့်ခွန်းစာပိုဒ်တချို့နှင့် မွန်စာပေဆိုင် ရာစာတမ်းပါ စာပိုဒ်တချို့ကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ရှိ ကျေးရွာများမှာ ၄င်းစာပိုဒ်တို့ကို ပယ်ဖျက်ပြီး သဘာပတိမိန့်ခွန်းကို ကြေငြာခဲ့ရသည်။

သံဖြူဇရပ်မြို့ပေါ်တွင်လည်း အခမ်းအနားကျင်းပသည့်နေ့တွင် ထိုမြို့မှ အာဏာပိုင်တို့က အခမ်းအနားကျင်းပရာနေရာတွင် လာရောက်ပြီး မည်သို့ မည်ပုံကျင်းပသွားသည်ကို လာ ရောက်စစ်ဆေးသွားခဲ့သည်ဟု အခမ်းအနားတက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင်လည်း ၄င်းတိ့ုပယ်ဖျက်လိုသည့် စာပိုဒ်အချို့ကို မဖတ်ကြားရန် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီထံသို့ မြို့နယ်အာဏာပိုင်တို့ လာ ရောက်ပြောကြားသည်ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်နယ်ရှိ မွန်များသာမက ပြည်ပနိုင်ငံအသီး သီးရှိ မွန်လူမျိုးများက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပေသည်။

Most read this week