ဖမ်းမိထားသော ငွေစက္ကူအတု ပြုလုပ်သူများ စီအိုင်ဒီမှ စစ်ဆေးနေဆဲ

ဖမ်းမိထားသော ငွေစက္ကူအတု ပြုလုပ်သူများ စီအိုင်ဒီမှ စစ်ဆေးနေဆဲ
by -
ဟွန်းဟကောင်း
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် မြန်မာကျပ် ငွေစက္ကူအတုနှင့် ထိုင်းဘတ် ငွေစက္ကူအတု ထုတ်လုပ်သူ များကို မြန်မာအာဏာပိုင်များမှ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ယခုအချိန်ထိ မြဝတီခရိုင်ရုံး၌ အမှုစစ်ဆေးနေဆဲ ...

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် မြန်မာကျပ် ငွေစက္ကူအတုနှင့် ထိုင်းဘတ် ငွေစက္ကူအတု ထုတ်လုပ်သူ များကို မြန်မာအာဏာပိုင်များမှ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ယခုအချိန်ထိ မြဝတီခရိုင်ရုံး၌ အမှုစစ်ဆေးနေဆဲ ဖြစ်သည်။

မြဝတီမြို့ မြို့နယ်တရားရုံးမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦး၏ ပြောပြာချက်အရ ဖမ်းဆီးရမိသူများမှာ (စောမင်းခ ခေါ် မောင်မျိုး ၂၆ နှစ်၊ မြိုင်ကြီးငူ ဗဟိုဌာနချုပ်၊ လှိုင်းဘွဲမြို့နယ်)၊ (စိုင်းမျိုးဝင်း ၂၇ နှစ်၊ အမှတ် ၄ ရပ်ကွက် အဓိဋ္ဌာန်အောင်ဘုရားလမ်း၊ မြဝတီမြို့) (မင်းသိန်းဦး ၃၆ နှစ်၊ အာရှလမ်းအမှတ် ၄ ရပ်ကွက် မြဝတီမြို့) နှင့် (စောအောင်ထူး ၃၇ နှစ်၊ ၄ ရပ်ကွက် တောင်တန်းဘုန်းကြီးကျောင်းအနီး) တွင် နေထိုင်ကြ သူများ ဖြစ်ကြသည်။

"ကျွန်မတို့မြို့နယ်ရုံးက ထောင်ဒဏ် ရ နှစ်အထိ ကျနိုင်တဲ့ အမှုလောက်ပဲကိုင်တာ၊ အဲဒီအထက်ကို ကျော်သွား မယ်ဆိုရင်တော့ ခရိုင်ကိုလွှဲပေးရတယ်၊ အခုလည်း သူတို့တွေကို ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက ခရိုင်ရုံးကို ပြောင်းပို့လိုက်ပြီိဆိုတော့ ခရိုင်ကပဲ တာဝန်ယူပြီးတော့စစ်ဆေးနေတယ်" ဟု ယင်းအမျိုးသမီးက ဆက် ပြောသည်။

"ဒီအမှုကိုတော့ ရန်ကုန် (အင်းစိန်စီအိုင်ဒီ) က ရဲအုပ်ဋ္ဌေးလွင်ကိုယ်တိုင်က တိုက်ရိုက်ကိုင်ပြီးတော့ စစ်ဆေးနေ တုန်းပဲ" ဟု မြဝတီမြို့ ခရိုင်တရားရုံးမှ ရုံးစာရေး ကိုတင်လှိုင်ထွန်းက ပြောသည်။

စောမင်းခခေါ်(မောင်မျိုး)နှင့် စိုင်းမျိုးဝင်းကို မြဝတီမြို့နယ် ၄ ရပ်ကွက် အဓိဋ္ဌာန်အောင်ဘုရားအနီးရှိ ငှားရမ်း ထားသော နေအိမ်တွင်လည်းကောင်း၊ မင်းသိန်းဦးကို အာရှလမ်း ဆိုင်ကယ်ပြင်ဆိုင် မြဝတီမြို့တွင်လည်း ကောင်း၊ စောအောင်ထူးကို အမှတ် ၄ ရပ်ကွက်၊ တောင်တန်း ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တွင်လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်ဟု ကိုတင်လှိုင်ထွန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုတင်လှိုင်ထွန်း၏ ပြောပြချက်အရ ထိုငွေစက္ကူအတုများကို မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ အဓိဋ္ဌာန်အောင် ဘုရားအနီးရှိ မမွန်မ နေအိမ်တွင် ထုတ်လုပ်သည်ဟု ဆိုသည်။ ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသော ပစ္စည်းများမှာ မြန်မာကျပ်ငွေစက္ကူ ထောင်တန်အတု ၅၄၆ ရွက်၊ ရေစိုဟောင်း နွမ်းနေသော မြန်မာကျပ်ငွေစက္ကူ ထောင် တန်အတု ၄၁၅ ရွက်၊ ထိုင်းဘတ် ငွေစက္ကူ ထောင်တန်အတု ၂၂၀ ရွက်၊ ပုံနှိပ်ပြီးသား စက္ကူအရွက်ကြီး တစ်ရွက်တွင် ထောင်တန် ၄ ရွက်ပါ မဖြတ်ရသေးသော အရွက် ၂၅ ရွက်၊ ကွန်ပြူတာ ၁ လုံး၊ ပရင်တာ ၁ လုံး၊ ငွေမှင် ၂ ဗူး၊ ရန်ကုန်စီးပွား ရေးလမ်းညွှန် ၁ အုပ်တို့ ဖြစ်ကြသည်ဟု သိရသည်။