မဖြစ်မနေ ငွေပေးဆောင်ရမှုကြောင့် ပြည်သူများ အခက်တွေ့

မဖြစ်မနေ ငွေပေးဆောင်ရမှုကြောင့် ပြည်သူများ အခက်တွေ့
by -
ကွန်းဟဒေ့
ရော်ဘာစျေးနှင့် ကွမ်းသီးစျေး ကျဆင်းနေသောအချိန်တွင် စားဝတ်နေရေးမပြေလည်နေသည့် ကြားမှာပင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့သည် နိုင်ချမ်းဒိန်းဦးဆောင်သော မွန်ပြည်ပြန်လည်ထူထောင်ရေးအဖွဲ့မှ တောင်းခံထားသော ငွေကြေးများ ...

ရော်ဘာစျေးနှင့် ကွမ်းသီးစျေး ကျဆင်းနေသောအချိန်တွင် စားဝတ်နေရေးမပြေလည်နေသည့် ကြားမှာပင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့သည် နိုင်ချမ်းဒိန်းဦးဆောင်သော မွန်ပြည်ပြန်လည်ထူထောင်ရေးအဖွဲ့မှ တောင်းခံထားသော ငွေကြေးများ မဖြစ်မနေပေးဆောင်ရမှုကြောင့် စားဝတ်နေရေး အခက်ကြုံတွေ့နေရသည်။

''ဒီနှစ်မှာ ရော်ဘာစျေးကလည်းကျ၊ ကွမ်းသီးစျေးကလည်းမရှိဘူး၊ အခက်အခဲဖြစ်တဲ့ကြားထဲက ဟိုအဖွဲ့ (နိုင်ချမ်းဒိန်း) ကိုလည်း ပေးနေရသေးတော့ ဒီနှစ်တစ်နှစ် ဘယ်လိုလုပ်စားမရမှန်းတောင် မသိတော့ဘူးဟု'' ဒေသခံရွာသားတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောပြသည်။

တစ်ချို့ရွာဆိုလျှင် ဤနှစ်တစ်နှစ်အတွင်းမှာပင် နှစ်ကြိမ်ပေးဆောင်ခဲ့ရသည်။
ရော်ဘာစျေးနှင့် ကွမ်းသီးစျေးများ ကျဆင်းနေ၍ ရွာသားများစားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် တောင်းခံသောငွေများ လျှော့ပေါ့ပေးရန် နိုင်ချမ်းဒိန်းအဖွဲ့အား ကျေးရွာ ရွာလူကြီးများက တောင်းဆိုသော်ငြားလည်း ၄င်းတို့အဖွဲ့မှ လက်မခံဟု ဒေသခံရွာသားအချို့က ဆိုသည်။

ကွမ်းသီးခြံနှင့် ရော်ဘာခြံများနှင့်သာ အဓိကဝင်ငွေရှာနေကြသော ဒေသခံများသည် ၄င်းတို့တောင်းခံသောငွေကြေးပေးဆောင်ရန် အချို့သည် ငွေကိုအတိုးခံကာချေးငှားပြီး အချို့ကာ ရွှေထည်ပစ္စည်းများကို ရောင်းချကာ ပေးဆောင်ခဲ့ရသည်ဟု ဒေသခံရွာသားတစ်ချို့က ပြောသည်။

''ကွမ်းသီးရောင်းဖို့လည်း ကွမ်းသီးစျေးကလည်းမရှိတော့ ဝယ်တဲ့သူလည်းမရှိဘူး၊ ပေးစရာပိုက်ဆံမရှိတော့၊ ရွှေရောင်းရတာပေါ့'' ဟု ရွာသားတစ်ဦးက ပြောသည်။

နိုင်ချမ်းဒိန်းဦးဆောင်သောအဖွဲ့သည် ရေး-ထားဝယ် ကားလမ်းတစ်လျှောက်ရှိ ၄င်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို နှစ်တိုင်းလိုလို ငွေသိန်းချီ တောင်းခံခဲ့သည်။ သို့ရာတွင် ကွမ်းသီးစျေးနှင့် ရော်ဘာစျေးများ အဆမတန် ကျဆင်းမှုမရှိသဖြင့် စားဝတ်နေရေးအခက်အခဲရှိသော်လည်း  ယခုနှစ်ကဲ့သို့ အခြေအနေမဆိုးရွားကြောင်း ဒေသခံများက ပြောဆိုနေကြသည်။