တီးတိန်မြို့ပရဟိတလုပ်ငန်းအတွက် လှူဒါန်းထားသောငွေ အသုံးပြုခြင်းမရှိဟု လူငယ်အဖွဲ့ပြော

တီးတိန်မြို့ပရဟိတလုပ်ငန်းအတွက် လှူဒါန်းထားသောငွေ အသုံးပြုခြင်းမရှိဟု လူငယ်အဖွဲ့ပြော
by -
ခိုနူမ်းထုန်

နိုင်ငံတော်အကြီးအကဲ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ချင်းပြည်နယ်ကို ရောက်ရှိလာစဉ်က တီးတိန်မြို့နယ် အတွင်း ပရဟိတလုပ်ငန်းများလုပ်ဆောင်ရန် လူဒါန်းခဲ့သော ကျပ်ငွေ သိန်း၁၀၀ကို  လက်ခံရရှိထားသော တီးတိန်မြို့ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက  ယနေ့ချိန်ထိ အသုံးပြုခြင်းမရှိ သေးကြောင်း တီးတိန်မြို့လူငယ်အဖွဲ့ကပြောသည်။

သူရဦးရွှေမန်း၏၂၀၁၃ နိုဝင်ဘာလက ချင်းပြည်နယ်ပထမဆုံးခရီးစဉ်တွင် တီးတိန်မြို့ရှိလူထုနှင့် တွေ့ဆုံစဉ် ဒေသတွင်းပရဟိတလုပ်ငန်းအတွက် အသုံးပြုရန် ကျပ်ငွေ သိန်း ၁၀၀ ကို တီးတိန်မြို့ ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များထံ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တီးတိန်မြို့ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက ယင်းငွေကြေးများကို ယနေ့ချိန်ထိ ဒေသတွင်း ပရဟိတ လုပ်ငန်း လုပ်ကိုင်နေသော အသင်းအဖွဲ့များထံ ပေးအပ်ခြင်းမရှိသည့်အပြင်၊ ၎င်းတို့ပါတီတွင်လည်း ယင်းငွေကြေးများဖြင့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းများမတွေ့ရကြောင်း တီးတိန်လူငယ်အဖွဲ့ (Tedim Youth Fellowship) ခေါင်းဆောင် ကို Nungsiangtuang ကပြောသည်။

 “ပရဟိတလုပ်ငန်းတွေလုပ်ကိုင်တဲ့ အသင်းအဖွဲ့တွေအသုံးပြုဖို့ သူရဦးရွှေမန်းကလှူတာ၊ ခုချိန်ထိ အဲဒီငွေဘယ်ရောက် သွားလဲမသိရဘူး၊ ပြည်ခိုင်ဖြိုးပါတီက လူတွေကိုသွားမေးတော့လည်း အုပ်ချူပ်ရေးမှူး သိလိမ့်မယ်တဲ့၊ အုပ်ချူပ်ရေးကို မေးတော့လည်း မသိဘူးလိုပြောပြန်တယ်’’ ဟု Nungsiangtuang ကပြောသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြီးခဲ့သည့် ဧပြီလက တီးတိန်မြို့သို့ ရောက်လာစဉ်တွင်လည်း တီးတိန်မြို့ လူငယ်စာကြည့်အတွက် ပေးလှူခဲ့သော ကျပ်ငွေ ၁၀ သိန်းကိုလည်း ယနေ့ချိန်ထိမရရှိသေး ကြောင်းသူကပြောသည်။

“တီးတိန်မှာက ကျနော်တို့ဖွင့်ထားတဲ့ လူငယ်စာကြည့်တိုက်တစ်ခုဘဲရှိတယ်၊ အဲဒီစာကြည့်တိုက်အတွက် ကွန်ပျူတာ နဲ့ ဆိုလာ ၀ယ်ဖို့ဆိုပြီး ပေးတာ ခုထိ စာကြည့်တိုက်မှာ ရောက်မလာဘူး’’ ဟု၎င်းကဆက်ပြော သည်။

နိုင်ငံတော်အကြီးအကဲများက ပရိဟိတလုပ်ငန်းအတွက်လှူဒါန်းခဲ့သော အလှူငွေများကို သက်ဆိုင်ရာအဖွဲ ့အစည်းများက လိုအပ်သည့်နေရာများတွင် အမြန်ဆုံးဖြည့်ပေးရန် လိုလားနေခြင်းဖြစ်ကြောင်းသိရသည်။