ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်စက်ရုံ ၁၁ ခု ထပ်မံတည်ဆောက်မည်

ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်စက်ရုံ ၁၁ ခု ထပ်မံတည်ဆောက်မည်
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဟု သတ်မှတ်ခံထားရသော ချင်းပြည်နယ်တွင် ရေအားလျှပ်စစ် စက်ရုံစီမံကိန်း ၁၁ ခု ထပ်မံ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် တပြည်နယ်လုံးအတိုင်းအတာ၏ ၅၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီးရရှိနိုင်တော့ မည်ဟု ချင်းပြည်နယ်လျှပ်စစ်ဝန် ကြီး ဦးကျင်လျန်းပေါင်က ပြောဆိုထားကြောင်း ဧပြီလ ၂၉ ရက်နေ့ မြန်မာ့အလင်း နေ့စဉ်သတင်းစာ တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသ တောင်တန်းထူထပ်သော ချင်းပြည်နယ်၌ ယခုလက်ရှိလျှပ်စစ်မီး ရရှိမှုအခြေအနေ မှာ ပြည်နယ်၏ ၂၅ ရာခိုင်နှုန်းခန့်သာ ဖြန့်ဖြူးပေးနိုင်သည်ဟု ဦးကျင်လျန်းပေါင်ကပြော သည်။

ချင်းပြည်နယ်တဝန်းလုံးအတွက် လျှပ်စစ်မီးလိုအပ်ချက်မှာ ၃.၈၉၇ မဂ္ဂါ၀ပ်ဖြစ်ပြီး လက်ရှိအမှန်တကယ် လျှပ်စစ်မီး ပေးနိုင်မှု မှာ ၂.၅၀၆ မဂ္ဂါ၀ပ်ဖြစ်၍ လျှပ်စစ်ဓာတ်အားထပ်မံလိုအပ်မှုမှာ ၁.၃၉၁ မဂ္ဂါ၀ပ်ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

Chin-state1

ယခုအကောင်ထည်ဖော်ဆောင်ရွက်မည့် ရေးအားလျှပ်စစ်စီမံကိန်း ၁၁ ခု ပြီးစီးပါက ချင်းပြည်နယ်တွင် ရေအားလျှပ်စစ် စက်ရုံ ၃၀ ကျော်ရှိလာမည်ဖြစ်ပြီး ချင်းပြည်နယ်၏ ၅၀ ရာခိုင်နှုန်းခန့်သည်လည်း လျှပ်စစ်မီးရရှိနိုင်ကြတော့ဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများသည် အစိုးရမှဖြန့်ဖြူးပေးသော လျှပ်စစ်မီးကို နာရီအကန့်အသတ်ဖြင့် တစ်ရက်ခြား၊ နှစ်ရက်ခြား စသည့်ဖြင့်သာ သုံးစွဲနေကြရပြီး အများစုမှာ ပုဂ္ဂလိကမှဖြန့်ဖြူးပေးသော လျှပ်စစ်မီးကိုသာ အားကိုနေကြရ သည်။
 
ချင်းပြည်နယ်အတွင်း ထပ်မံအကောင်အထည်ဖော်ဆောင်မည့် ရေအားလျှပ်စစ်စီမံကိန်း ၁၁ ခုတို့မှာ ဓာတ်အား ရ၅၀၀ ကီလိုဝပ်အတွက် ကျပ်သိန်း ၉၃၅၀၈ အကုန်ကျခံတည်ဆောက်မည့် ဟားခါးမြို့နယ် ဇွောင်ချောင်း ရေအားလျှပ်စစ် စီမံကိန်း၊ ဓာတ်အား ရ၀၀ ကီလိုဝပ်အတွက် ကျပ် ၁၁၁၈၆ သိန်းအကုန်ကျခံတည်ဆောက်မည့် ဖလမ်း မြို့နယ် လိုင်ဗား ထပ်ဆင့် ရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၅၀၀ ကီလိုဝပ်အတွက် ကျပ် ၃၀၂၉၅ သိန်း အကုန်ကျခံ တည်ဆောက် မည့် တီးတိန်မြို့နယ် ဘဲလ်တောင်ချောင်းရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၅၀၀ ကီလိုဝပ်အတွက် ကျပ် ရ၄၁၇ သိန်းအကုန်ကျခံတည်ဆောက်မည့် တွန်းဇံမြို့နယ်ဗဲလ်ကျင်းချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ် အတွက် ကျပ် ၆၂၉၈၅ သိန်းအကုန်ကျခံတည်ဆောက်မည့် ကျီခါးမြို့နယ်ခွဲ ကလီချောင်းရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၄၀၀ ကီလိုဝပ်အတွက် ကျပ် ၁၁၉၀၄၁ သိန်း အကုန်ကျခံတည်ဆောက်မည့် မင်းတပ်မြို့နယ် ချီချောင်းရေအား လျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ် အတွက် ကျပ် ၆၀၇၁၄ သိန်းအကုန်ကျခံတည်ဆောက်မည့် ပလက်ဝမြို့နယ်ပီချောင်းရေအားလျှပ်စစ်စီ မံကိန်း၊ ဓာတ်အား ကီလိုဝပ် ၁၂၀၀ အတွက် ကျပ် ၂၄၄၅၈ သိန်း အကုန်ကျခံတည်ဆောက်မည့် မတူပီမြို့နယ် ဘုံလုံ(ဗုံဗား) ရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ်အတွက် ကျပ် ၆၀၇၁၄ သိန်းအကုန်ကျခံ တည်ဆောက်မည့် ဆမီးမြို့နယ်ခွဲ ဇီးချောင်းရေအားလျှပ်စစ်မီမံကိန်း၊ ဓာတ်အား ၁၀၀ ကီလိုဝပ်အတွက် ကျပ် ၅၃၉၉ သိန်း အကုန်ကျခံတည်ဆောက်မည့် ကန်ပက်လက်မြို့နယ် ကိုးလုံးချောင်းရေအားလျှပ်စစ်စီမံကိန်း၊ ဓာတ်အား ၁၅၀၀ ကီလိုဝပ် အတွက် ကျပ် ၂၇၈၃၁ သိန်းအကုန်ကျခံတည်ဆောက်မည့် ကန်ပက်လက်မြို့နယ် ဆောချောင်းရေအားလျှပ်စစ်စီမံကိန်း စသည်တို့ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။