ဟားခါး CACC Jubilee တွင် မီဇိုရမ်အဆိုတော်များ သွားရောက်ဖျော်ဖြေမည်

ဟားခါး CACC Jubilee တွင် မီဇိုရမ်အဆိုတော်များ သွားရောက်ဖျော်ဖြေမည်
by -
ခိုနူမ်းထုန်

လာမည့် ဧပြီလ ပထမပတ်၌ ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျင်းပပြုလုပ်မည့် Chin Association of Christian Communication (CACC) ငွေရတုသဘင်ပွဲတွင် အိန္ဒိယ အရှေ့ မြောက်ပြည်နယ် မီဇိုရမ်မှ အဆိုတော်များ သွားရောက် ဖျော်ဖြေမည်ဟု သိရသည်။

ဧပြီလ ၅ ရက်မှ ရ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် CACC ၏ ၂၅ နှစ်ပြည့် ငွေရတု သဘင် အခမ်းအနားသို့ မီဇိုရမ် Baptist Choir နဲ့အတူ အဆိုတော် များပါဝင် မည်ဖြစ်ကြောင်း မီဇိုရမ် Baptist အသင်းတော်များထံမှ သိရသည်။

“ဟုတ်ပါတယ်၊ ဧပြီလ ၁ ရက်နေ့မှာ အသင်းတော် ကားနဲ့သွားမယ်၊ အဲဒီမှာ Baptist Choir နဲ့အတူ မီဇိုရမ် ဓမ္မသီချင်း အဆိုတော်များဖြစ်ကြတဲ့ Mafaki, Pensy, Bethsy Lalrinsangi တို့ပါမယ်” ဟု အသင်းတော်ကားဆရာ Pu Hmingtea က ပြောပါတယ်။

ဆက်လက်၍ “ကျနော်တို့သွားရောက်နိုင်အောင် အားလုံးပြင်ဆင်ပြီးသွားပြီ၊ မီဇိုရမ် bus ကားနဲ့ ဟားခါးအထိ သွားနိုင်အောင် bus ကားကို မှတ်ပုံတင်နေဆဲဖြစ်ကြောင်း မှတ်ပုံတင်လို့ရရင် ဟားခါးအထိ မောင်းမယ်။ တကယ်လို့ မရခဲ့ရင်လည်း ဟားခါးမှာရှိတဲ့ အသင်းတော်က bus ကား စီစဉ်ပေးမယ်” လို့ ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟားခါး ဒေသခံများကို မေးမြန်းခဲ့ရာ “ဟုတ်ပါတယ်၊ မီဇိုရမ် အဆိုတော်များ လာမယ်လို့ သိရတော့ ကျနော်တို့ အရမ်းကို မျှော်နေပါတယ်။ ဒီသတင်းကြောင့် ဒေသခံတွေ တော်တော် စိတ်လှုပ်ရှားနေကြတယ်” ဟု ဟားခါး ဒေသခံတဦးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ကနေ ဧပြီလ ၁ ရက်နေ့မှာ စထွက်မှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ချင်းလူမျိုးအများ စုနေထိုင်သည့် တာဟန်း၊ ခမ်းပတ်၊ တမူး၊ ဖလမ်း၊ ထန်တလန်၊ စသည့်မြို့များကိုလည်း သွားရောက် လည်ပတ်မည်ဖြစ်သည်။

CACC သည် ချင်းပြည်နယ်နှင့် ချင်းပြည်နယ် ပြင်ပ၊ နိုင်ငံတကာရှိ ချင်းဘာသာရေးအသင်း တော်များဖြင့် ကျယ်ပြန့်စွာ စုဖွဲ့ထားသည့် ဘာသာရေး ဆုံရပ်တခု ဖြစ်သည်။

Most read this week