ပဲခူးတိုင်း ချင်းရေးရာဝန်ကြီး ထားရှိရေးလှုပ်ရှားနေပြီ

ပဲခူးတိုင်း ချင်းရေးရာဝန်ကြီး ထားရှိရေးလှုပ်ရှားနေပြီ
by -
ခိုနူမ်းထုန်

မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးတိုင်းဒေသကြီးတွင် ချင်းရေးရာဝန်ကြီး ထားနိုင်ရေးအတွက် ချင်းအမျိုးသားပါတီ၊ အရှိုချင်း အမျိုးသားပါတီ နှင့် One Chin Organization ဟုခေါ်သည့် ချင်းလူမှုအသင်းအဖွဲ့တို့ ပူးပေါင်းပြီး ဒေသအတွင်း ချင်း လူဦးရေစာရင်း ကောက်ခံနေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် မြေပြန့်ချင်းဟုခေါ်သော အရှိုချင်းလူမျိုး ၆ သောင်းခန့်ရှိသည်ဟု ခန့်မှန်းထားပြီး ကိန်းဂဏန်း အတိအကျသိရှိနိုင်ရန် နို၀င်ဘာလ ၁၅ ရက်နေ့ က စတင်ကောက်ခံနေခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံလူဦးရေ၏ ၀.၁ ရာခိုင်နှုန်း ရှိပါက လူမျိုးစုရေးရာ ၀န်ကြီး တနေရာ ရရှိနိုင်ကြောင်း ပါရှိသည့်အတွက် ပဲခူးတိုင်းတွင် ချင်းလူမျိုး ၆ သောင်းခန့်ရှိ ပါက ချင်းရေး ရာဝန်ကြီး တဦးထားရှိရန် တောင်းဆိုသွားမည်ဟု ချင်းအမျိူး သားပါတီ အတွင်းရေးမှူး(၁) ဆလိုင်း ငယ်ပီးက ပြောသည်။

“မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းမကောက်တာကြာတော့ တနိုင်ငံလုံးကို ၅၇ သန်းလို့ယူဆထားတယ်၊ ဒါကြောင့် ၅ သောင်း ၈ ထောင် ၊ ၆ သောင်းဝန်း ကျင်လောက်ရှိတယ်ဆိုပြီး သက်ဆိုင်သူအားလုံးထံကျနော်တို့ရဲ့တွေ့ရှိချက်တွေကို ပေးပို့ သွားမှာဖြစ်တယ်’’ ဟု ဆလိုင်း ငယ်ပီးကပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် ချင်းရေးရာဝန်ကြီးတဦးစီ ထားရှိပြီး ပဲခူးတိုင်းတွင် လည်း ချင်းလူမျိုး ၆ သောင်း ခန့်ရှိပါက ချင်းရေးရာဝန်ကြီးတဦးထပ်မံ ထားရှိနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတော်အစိုးရမှ လာမည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံသည့် အချိန်တွင် လည်း ချင်းလူမျိုးများအား ဗမာလူမျိုး များအဖြစ် ထည့်သွင်းခြင်းမခံရအောင် ကြိုတင်ပြင်ဆင်မှုလည်းဖြစ်သည်ဟု ဆလိုင်း ငယ်ပီး ကပြောသည်။

“၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်တဲ့အချိန်မှာ ချင်းတွေကို ဗမာဆိုပြီး နာမည်ပြောင်းမှု တွေမဖြစ် ရအောင် ချင်းလူမျိုးဖြစ်ရဲ့သားနဲ့ မှတ်ပုံတင်တွေမှာ ဗမာလူမျိုးအဖြစ် ပြောင်းခံရတာတွေ ရှိမရှိ၊သိရှိနိုင်ဖို့ ကြို တင် ကောက်ခံတာ လည်းဖြစ်တယ်’’ ဟု သူကဆက်ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ပဲခူးတိုင်းအတွင်း ချင်းပါတီများ သီးသန့်စီရွေးကောက်ပွဲဝင် မည်မဝင်ကိုတော့ မသိရှိ ရ သေးသော်လည်း အရှိုချင်းပါတီကို ပွဲထုတ်လှုပ်ရှားဖွယ်ရှိကြောင်း ရန်ကုန်မှ ချင်းအမျိုးသား တဦးက ဆို သည်။