ချင်းပြည်နယ် မတူပီမြို့ပေါ် အစာရေစာ ဖူလှုံရေး နှင့် ဒေသဖွံ့ဖြိုးရေး အတွက် မတူပီမြို့မှ ၃၅ မိုင်ခန့် အကွာရှိ ဘွေရား ဒေသအထိ ပုဂ္ဂလိက ကုပ္မဏီတခုမှ ကားလမ်းဖောက် လုပ်နေသည်ဟု သိရသည်။
အဆိုပါ ဘွေရား ဧရိယာ အတွင်း ဧက ၄၀၀ ခန့်ရှိမည့် မြေရိုင်း ကို ဖော်ထုတ်ပြီး လယ် မြေ အဖြစ်ထွန်ယက်စိုက်ပျိုးပါက ဒေသခံများစားဝတ်နေရေး ဖူလှုံသည့် အပြင် ဆန်စပါး နှင့် စိုက်သီးနှံများ မတူပီမြို့ပေါ် သို့ တင်ပို့နိုင်ရေး ရည်ရွယ် ချက်ဖြင့် ကားလမ်းဖောက်လုပ်ရခြင်း ဖြစ်သည်။
အဆိုပါ နေရာသို့ သွားရောက်လေ့လာသူ မတူပီမြို့ အခြေစိုက် ချင်းအမျိုးသားတပ်ဦး CNF ဒုတိယဆက်ဆံရေး တာဝန်ခံ ပူးမန်လိုင်းက “မတူပီမြို့မှ တင်လောင်း၊ လာလွီး၊ လေရိန်းရွာတွေကို ဖြတ်သွားမယ်၊ အဲဒီကနေ ဘွေရားကနေ လွီဗန်းရွာအထိ ဆက်ဖောက်မှာပါ” ဟု ခိုနုမ်းထုန်ကို ပြောသည်။
မြေထိုးစက် တစီးဖြင့် ကားလမ်း ဖောက်လုပ်နေခြင်းဖြစ်ပြီး စက်ဆီဖိုးကို ဒေသခံများက တအိမ် ကျပ် ၅၀၀၀ ဖြင့် အလှူငွေ ထည့်ဝင်ပြီးဖောက်လုပ်နေကြောင်း ယခု တင်လောင်းရွာအထိ ဖောက် လုပ်ပြီးဖြစ်ကြောင်း ဆက်ဆိုသည်။
မတူပီမြို့ပေါ်မှ ရပ်မိရပ်ဖ တဦးက “မြေရိုင်း ဧက ၄၀၀ ကို လယ်မြေအဖြစ်ဖော်ထုတ်နိုင်လို့ကတော့ ဒေသခံတွေနဲ့ မတူပီမြို့ပေါ် အတွက် ဆန်၊ အခြား စား သုံးသီးနှံတွေ ပူပင်စရာမလိုတော့ဘူး” ဟု ပြောသည်။
အဆိုပါကားလမ်းကို ယခင်နှစ် နို၀င်ဘာလမှ စတင်အကောင်အထည်ဖော်ဖောက်လုပ်ကြောင်း နောင်နှစ် မေလတွင် ဘွေရား နှင့် လွီဗန်းရွာအထိ အပြီးဖောက်လုပ်နိုင်ရန် ခန့်မှန်းကြောင်း သိရသည်။