အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် လူစီးကားတိမ်းမှောက် ၂ ဦးသေ

အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် လူစီးကားတိမ်းမှောက် ၂ ဦးသေ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်၏ စီးပွါးရေးအသက်သွေးကြောတခုဖြစ်သော အမှတ် (၂) ကုန်သွယ်ရေးလမ်း တွင် နိုဝင်ဘာ ၈ ရက်နေ့ က လူစီးကား တစီး တိမ်မှောက်ခဲ့ရာ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦးကျော် ဒါဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။

အိန္ဒိယ-မြန်မာနယ်စပ် Tiau ချောင်းမှ ကလေးမြို့သို့ တက်သွားသောရွှေနယ်စပ် ခရီးသည်တင် လူစီးကားသည် New eden နှင့် Hmun Thar ကျေးရွာအကြား လမ်းချော် တိမ်းမှောက်ခဲ့သည်ဟု တီးတိန်မြို့ ဒေသခံ အမျိုးသမီးတဦးက ပြောဆိုသည်။

“ကားမှောက်တာ ၁၂ နာရီခန့်မှာ၊ ပွဲချင်းပြီး ၂ ဦးသေဆုံးတယ်၊ ပြီးတော့ ကလေးငယ်ပေါင်ကျိုး သွားတယ်၊ အချို့ခရီး သယ်တွေလည်း ဒဏ်ရာအပြင်းအထန်ရတယ်၊ ဒဏ်ရာရခရီးသည်တွေကို ရိဒ်ဆေးရုံကို ပို့ကြတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် မကြာခဏ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာ ရမှုများ ရှိသော်လည်း အစိုးရမှ ယင်းလမ်းအား ကောင်းမွန်အောင် ပြုပြင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ နို၀င်ဘာလ ရ ရက်နေ့က ကလေးမြို့မှ နယ်စပ်သို့ ဆင်းလာသူ ခရီးသည် အမျိုးသမီးတဦးကလည်း “ကျမတို့ စီးလာတဲ့ကားက လမ်းချော်လွန်းလို့ ခရီးသည်တွေ ၈ နာရီခန့် ခြေကျင်လျှောက် ရတယ်” ဟု ပြောသည်။

အဆိုပါ လမ်းကြောင်းပေါ် ပြေးဆွဲနေသည့် ခရီးသည်တင် ကားများသည် ခရီးသည် ရ ဦးသာ တင်ဆောင်နိုင် သော်လည်း ကားပိုင်ရှင်များက ၁၃ ဦးခန့် တင်လေ့ရှိကြောင်း သိရသည်။

ချင်းပြည်နယ်၏ အဓိကလမ်းမကြီးတခုဖြစ်သည့် ၂၅ မိုင် ၄ ဖာလုံ အကွာအဝေးရှိ သိုင်းငင်းတီးတိန် လမ်းမကြီးအား လာမယ့်နှစ်တွင် ကျပ်ငွေ ၂,၉၀၉ သန်း အကုန်အကျခံ၍ ပြုပြင်တည်ဆောက်မည်ဟု အောက်တိုဘာ ၁၈ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။

Most read this week