ချင်းပြည်နယ်တွင်လေယာဉ်ကွင်းတည်ဆောက်တော့မည်

ချင်းပြည်နယ်တွင်လေယာဉ်ကွင်းတည်ဆောက်တော့မည်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ဖလမ်းမြို့အနီး ဆာဘန် (Surbung) တောင်ပေါ်တွင် အစိုးရက လေယာဉ်ကွင်းတကွင်း တည်ဆောက်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

အောက်တိုဘာ ၂၆ ရက်နေ့က မြန်မာ့လေကြောင်းမှ  ဦးသန့်ဇော်မိုးနှင့်တာဝန်ရှိ ရ ဦး ချင်းပြည်နယ် သို့ရောက်ရှိပြီး ကွင်းဆင်းလေ့လာကြကြောင်း ကြားသိရသည်။

အရှည် ပေ ၈၀၀၀x အကျယ်ပေ၂၀၀ခန့်ရှိမည့် အဆိုပါ ဆာဘန် လေယာဉ်ကွင်းသည် ဖလမ်းမြို့ မှ ၁၀ မိုင်ခန် ့တွင် တည်ရှိပြီး၊ ဟားခါး၊ ထန်တလန်၊ အိန္ဒိယ-မြန်မာနယ်စပ် အသီးသီးမှ နှစ်နာရီ ခန် ့ ခရီး ရှိမည်ဖြစ်သဖြင့် ချင်းပြည်နယ်အတွက် အသင့်တော်ဆုံး နေရာတွင် တည်ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ချင်းပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာငွန်ဆန်းအောင် ပြည်နယ်ဥပဒေချုပ် Pu Kaptial နှင့် ဖလမ်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်ပရောက် ဖလမ်းဒေသခံများပါ ပါ၀င်သည့် လေယာဉ်ကွင်းဖြစ်မြောက်ရေးကော်မီတီ တရပ်ကို လည်း ဖွဲ့စည်း ထားကြပြီးဖြစ်သည်ဟု သိရသည်။

“အဲဒီနေရာက အသင့်တော်ဆုံးပါ။ အစိုးရက စီစဉ်နေမှုကို ကြိုဆိုရပါမယ်။ အဲဒီအတွက် အားလုံးမှာ တာဝန်ရှိတယ်” ဟု United Zo Indigenous People အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ Pu Rozathang က ခိုနုမ်းထုန်ကို ပြောသည်။

အဆိုပါ လေယာဉ်ကွင်းနေရာသည် ကိုလိုနီခေတ်က အင်္ဂလိပ် လေယာဉ်များအရေးပေါ် ဆင်းသက်ခဲ့ဘူးသည့် နေရာဖြစ်ပြီး မဆလခေတ် ချင်းပြည်နယ်ကောင်စီဥက္ကဌ ပူးကပ်ကျူံးနုန် ကလည်း လေယာဉ်ကွင်း တည်ဆောက်နိုင်ရေး လုပ်ဆောင်ခဲ့ဘူးကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်းရှိ ပြည်သူများသည် စစ်ကိုင်းတိုင်း ကလေးမြို့လေဆိပ်နှင့် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်ကို လေကြောင်းခရီး သွားလာရာတွင် အဓိကထားအသုံးပြုနေကြရသည်။

Most read this week