ချင်းပြည်နယ်သည် တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံး ပြည်နယ်ဖြစ်

ချင်းပြည်နယ်သည် တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံး ပြည်နယ်ဖြစ်
by -
ခိုနူမ်းထုန်

ဇွန်လ ၉ ရက်နေ့က ထွက်ရှိသော မြန်မာနိုင်ငံ၏ ၂၀၁၁-၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် စာမေးပွဲအောင် စာရင်းတွင် ချင်းပြည်နယ်သည် အောင်ချက်အနည်း ဆုံးရာခိုင်နှုန်းဖြင့် အောက်ဆုံး တွင်ရှိနေသည်။

မြန်မာနိုင်ငံ၏ ၂၀၁၁-၁၂ ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသား ဦးရေစုစုပေါင်း ၄ သိန်း ၆ သောင်းခန့်ရှိသည့်အနက် ကျောင်းသား ၁ သိန်း ၆ သောင်းကျော် အောင်မြင်ခဲ့သည်။

မွန်ပြည်နယ်သည် တနိုင်ငံလုံး၏ အောင်ချက်အကောင်းဆုံးပြည်နယ်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်း ကျော်ရှိသည်။ ချင်းပြည်နယ်၏ အောင်ချက်မှာ ၁၄.၉၁ ရာခိုင်နှုန်းသာ ရှိသောကြောင့်အောင်ချက်အနည်း ဆုံးပြည်နယ်ဖြစ်သည်ဟု ပြည် တွင်းအပတ်စဉ်ထုတ် 7day ဂျာနယ်တွင်ဖော်ပြ ထားသည်။

၂၀၁၁-၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ချင်းပြည်နယ်မှ ကျောင်းသူကျောင်းသား စုစုပေါင်း ရ၃၃၂ ဦးရှိသည့်အနက် ၁၀၉၃ ဦးကသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို အောင်မြင် ခဲ့ကြပြီး ၄ ဘာသာ ဂုဏ်ထူးရရှိသူ ၁ ဦး၊ ၃ ဘာသာ ၁ ဦး၊ ၂ ဘာသာ ၉ ဦး နှင့် ၁ ဘာသာဂုဏ်ထူး ရရှိသူ ၁၁၇ ယောက်ရှိသည်ဟု ချင်းဝေါလ်အွန်းလိုင်းစာမျက်နှာတွင် ဖော်ပြထား သည်။

သို့သော်လည်း ယခုချင်းပြည်နယ်၏ အောင်ချက်သည် ယခင် ၂၀၁၀-၁၁ ခုနှစ်တက္ကသိုလ် ၀င်ခွင့် အောင်ချက်ထက် ၁ ရာခိုင်နှုန်းကျော်ခန့် တိုးလာသည်ဟုသိရသည်။ ယခင်နှစ် က အောင်ချက်မှာ ၁၃.၆၇ ရာခိုင်နှုန်းရှိခဲ့သည်။

ယခုကဲ့သို့ မြန်မာတနိုင်ငံလုံးတွင် ချင်းပြည်နယ်သည် အောင်ချက်အနည်း ဆုံးပြည်နယ်ဖြစ်ရခြင်း မှာ ကျောင်းသူ၊ ကျောင်း သားများက ကျောင်းစာအပေါ် စိတ်ဝင်စားမှုမရှိကြသည့် အပြင် ကျောင်းဆရာ၊ ဆရာမ များတွင်လည်း တာဝန် မကင်း ကြောင်း ပခုက္ကူတက္ကသိုလ်တွင် ပညာသင်ကြားနေသော ချင်းကျောင်းသားတဦးကပြောသည်။

“ ချင်းပြည်နယ်က ချင်းကျောင်းသားတွေ ဆယ်တန်းမအောင်လည်း နိုင်ငံခြားထွက်မယ်ဆိုတဲ့.. အတွေးအခေါ်က ရှိနေ တယ်လေ..လွှမ်းမိုးသွားတယ်လေ၊ ပြီးတော့ ကျောင်းဆရာ၊ ဆရာမ တွေက လည်း စေတနာပါပါနဲ့ မသင်ပေးကြဘူး လေ’’ ဟု အဆိုပါတက္ကသိုလ်ကျောင်းသားကပြောသည်။

တဖက်တွင်လည်း နေ့စဉ်စားဝတ်နေရေးကျပ်တည်းမှုများကြောင့် ကျောင်းသားမိဘများကလည်း သားသမီးများ၏ ပညာရေးကို ဦးစားမပေးနိုင်ကြတော့ကြောင်း၊ မိသားစု စားဝတ်နေရေးဖြေရှင်းရန် မိမိသားသမီးများကို ကျောင်းထွက်ခိုင်း ကာ ရရာလုပ်ငန်းများရှာဖွေလုပ်ကိုင်ခိုင်းလေ့ရှိသည်ဟု ချင်းလူငယ်တဦးကပြောသည်။

Most read this week