ချင်းပြည်တွင် ဘာသာရေးခွဲခြားဆက်ဆံမှုရှိနေဟု CNP ပြော

ချင်းပြည်တွင် ဘာသာရေးခွဲခြားဆက်ဆံမှုရှိနေဟု CNP ပြော
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်တွင် ဗုဒ္ဓ၊ ခရစ်ယာန် နှင့် နတ် ကိုးကွယ်တဲ့ ဘာသာ ၃မျိူးရှိသည့်အနက် ဗုဒ္ဓဘာသာ မဟုတ်သော အခြား ဘာသာများအား နိုင်ငံတော်အစိုးရကခွဲခြားဆက်ဆံမှုများရှိနေသည်ဟု ချင်းအမျိူး သားပါတီ CNP က ပြောဆိုလိုက်သည်။

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် စေတီပုထိုးများတည်ဆောက်ရန် အစိုးရကပြင်ဆင်နေချိန်တွင် ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်လက်ဝါးကားတိုင်းများကိုမူ ဖြိုဖျက်ခံနေရသည့်အပြင် သက်ဆိုင်ရာ အစိုးရလည်း အရေးယူဆောင်ရွက်ပေးခြင်း မျိူးမရှိကြောင်းချင်းအမျိုးသားပါတီ CNP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဒေသခံချင်းပြည်သူများသည်အလွန်စိတ်ထိခိုက်နေကြကြောင်း၊ ယခုကဲ့သို့ ခွဲခြားဆက်ဆံခံရ သည့်ကိစ္စကိုလူထုအနေနဲ့ မည်သို့ ကိုင်တွယ်ဆောင်ရွက်ကြမည့် အရေးနှင့် ပတ်သက်၍ CNP ထံတောင်းဆိုမှုများရှိ လာ သည့်အတွက်ကြောင့် ဆလိုင်းကျဲအိုဘိခ်ထောင်း ကိုယ်တိုင် ဟားခါးမြို့သို့ရောက်ရှိနေပြီးပြည်သူများနှင့် တွေ့ဆုံဆွေးနွေး မှု များပြုလုပ်လျက်ရှိသည်။

“ ဒီခွဲခြားဆက်ဆံခံရတဲ့အပေါ်မှာ လူထုကတော့ အတော်လေးဝမ်းနည်းကြတယ်၊ ဒီကိစ္စအပေါ် လူထုက ဆန္ဒဖော်ထုတ်ချင် ကြတယ်၊ ဘယ်ပုံဘယ်နည်းနဲ့ဆန္ဒဖော်ထုတ်ကြမလဲဆိုတာကို အခုကျနော်တို့နဲ့ လူထုတွေနဲ့တိုင်ပင်ညှိနှိုင်းနေပါတယ်’’ ဟု CNP အတွင်းရေးမှူးကပြောသည်။

ဆလိုင်းကျဲအိုဘိခ်ထောင်းသည် ဟားခါးမြို့အပြင် ဖလမ်း နှင့်တီးတိန်မြို့နယ်တွေမှာလည်း သွားရောက် ကာ ပြည်သူလူထု နဲ့တွေ့ဆုံညှိနိုင်းမှုများဆက်လက်ပြုလုပ်သွားမည်ဟုသိရသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် မွောလ်ဘဲမ်ကျေးရွာရှိ ဧဝံဂေလိ အသင်းတော်ငွေရတု အထိမ်းအမှတ် နာရီစင်လက်ဝါးကပ် တိုင်ကို ပြည်ခိုင်ဖြိုးပါတီဝင်ကျေးရွာအုပ်ချုပ်ရေးမှူး Hau Khan Nang ၏ ဦးဆောင်မှုဖြင့် ဘူလ်ဒိုဇာမြေထိုးစက်ကြီးနှင့် ဖြိုဖျက်ခဲ့မှုတခု ပြီးခဲ့သော ဧပြီလ ၁၁ရက်နေ့ကဖြစ်ပွား ခဲ့သည်ဟု အင်တာနက်စာမျက်များပေါ်မှာတွင် ဓာတ်ပုံနှင့်တကွ သတင်းမျာပေါ်ထွက်လာခဲ့သည်။

အဆိုပါ နာရီစင် လက်ဝါးကားတိုင် ဖျက်ဆီးမှုမှာ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြိုဖျက်ခြင်းဟုတ်မဟုတ်ကိုမူ ခိုနူမ်းထုန်သတင်းဌါန မှ သီးသန့်အတည်ပြုခြင်းမရှိနိုင်သေးပေ။

ထို့အပြင် ယင်းကိစ္စမတိုင်ခင် ဖေဖော်ဝါရီလအတွင်းကလည်း ဟားခါးမြို့ရုန်းတောင်ပေါ်တွင် စိုက်ထူ ထားသော လက်ဝါးကားတိုင်ကို အမည်မသိသူများကဖျက်ဆီးခဲ့ကြသည်။

Most read this week