၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးရေးလုပ်ဆောင်ရန်အတွက် ပါတီကို ပြန်လည် မှတ်ပုံတင် ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်မှ ၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးအမျိုး သားကွန်ဂရက် – ZNC မှ ပါတီ ခေါင်းဆောင်ကြီး ပူးကျင့်ရှင်းထန်က ပြောသည်။
“ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး အဲဒါတွေ ဖွံဖြိုးဖို့လုပ်မယ်လို့ ရည်ရွယ်ထားပါ တယ်။ တကယ်လို့ လွှတ်တော်ထဲ ရောက်သွားခဲ့ရင်လည်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ဥပဒေ ပြင်ဆင်ချင်တွေ လူ တွေ နဲ့ ပူးပေါင်းပြီးတော့ လုပ်သွားမှာပါ” ဟု ပြောသည်။
ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်း ZNC ပါတီဝင်ဟောင်းများ တွေ့ဆုံကာ ပါတီကို မှတ်ပုံတင်ရန် ဆုံးဖြတ် ခဲ့ကြပြီး မကြာ မီ ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် လျှောက် ထားသွား မည်ဖြစ် ကြောင်း သိရသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားအုပ်စုများ၊ ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင် တို့ကဲ့သို့ ထင် ရှားသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား အများအပြား ပြန်လွှတ်ပေး ခဲ့ခြင်း၊ ဒေါ်အောင် ဆန်း စုကြည် ဦးဆောင်သည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်ခဲ့ခြင်း တို့ကြောင့် ZNC ပါတီကို ပြန်လည် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သူက ဆက်ဆို သည်။
“အခြေခံဥပဒေကို ရှေ့ဆက်ပြီးတော့ တရားဝင်နည်းလမ်းနဲ့ ဥပဒေဘောင်ထဲကနေ ကျနော်တို့က တိုက်နေမှာ ပဲ”ဟု ပူးကျင့်ရှင်းထန်က ပြောသည်။
ZNC သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ် ၂ နေရာ အနိုင်ရ ခဲ့သည့် ပါတီ ဖြစ်ပြီး ၁၉၉၂ ခုနှစ် မတ်လတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က အမိန့်စာ အမှတ် (၇/၉၂) ထုတ်ပြန် ချက်အရ ဖျက်သိမ်းခံခဲ့ရသည်။
ထို့ပြင်၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်းမပြုပဲ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့သည့် ချင်းတိုင်း ရင်းသားပါတီတခုလည်း ဖြစ်သည်။
ZNC သည် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD စသည်တို့ အပါအဝင် တိုင်းရင်းသားပါတီ ၁၁ ပါတီဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်လည်း ဖြစ်သည်။
UNA အဖွဲ့ဝင်ထဲမှ MNDF ပါတီ၊ ALD ပါတီတို့မှာ ရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့် လျှောက် ထားပြီးဖြစ်ကာ ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD ပါတီက လည်း မှတ်ပုံတင်ရန် ဆုံးဖြတ်ထားပြီး ဖြစ် သည်။
၉၀ ရွေးကောက်ပွဲအတွင်း ချင်းပြည်နယ်မှ ဇိုမီးအမျိုးသားကွန်ကရက် အပါအဝင် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မရာ ပြည်သူ့ ပါတီ စသည့် ချင်းလူမျိုးစုပါတီများ အနိုင်ရရှိခဲ့ကြသည်။