ချင်းအမျိုးသားပါတီအနေဖြင့် ချင်းပြည်နယ်အဆင့် ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေး အထူးကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးရန် ဟားခါးမြို့၌ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သည့် တတိယ အကြိမ် ပြည်နယ် လွှတ်တော် အစည်းအ ဝေးတွင် တီးတိန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် CNP ဥက္ကဌ ပူးဇိုဇမ်က အဆို တင််သွင်းခဲ့သည်။
စီအဲန်ပီသည် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ပပျောက်ရေးအတွက် ပြည်နယ်အဆင့် အနေဖြင့် ဖြေရှင်းနိုင် ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။
ယင်းအဆိုနှင့်ပတ်သတ်၍ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့် အတွက် ဘိန်း တိုက်ဖျက်ရေး အထူးကော်မရှင် မလိုအပ်ကြောင်းနှင့် လက်ရှိတွင် အစိုးရ မဟုတ်သည့် နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် လက်တွဲ၍ ဘိန်းနှင့်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေကြောင်း ပြည်နယ်ဝန်ကြီးတဦးက လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
ပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အပိုင် ကျီခါးမြို့နယ်ခွဲနှင့် တီးတိန် မြို့နယ်အတွင်း ဘိန်းစိုက်ပျိုး မှုများ တွင်ကျယ်စွာ ဖြစ်ထွန်းနေပြီး ဘိန်းခင်းဧက ထောင်နှင့်ချီ ရှိနေကြောင်း CNP အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းက ပြောသည်။ ထို့အပြင်၎င်းက လူငယ်များ အကြား ဘိန်းစားသုံးမှု များပြားလာကြောင်း ဆက်ပြောသည်။
“ဒီကိစ္စက တော်တော်လေး အန္တရာယ်ကြီးမားတဲ့ ကျနော်တို့ကို ခြိမ်းခြောက်နေတဲ့ အရာတွေ ဖြစ်တယ်။ လူငယ်တွေက ဘိန်းစိုက်ခင်းမှာ အလုပ်လုပ်ရင်းနဲ့ ဘိန်းစေ့လေးတွေကို ငုံလိုက်၊ စားလိုက်နဲ့ ပျက်စီးတာတွေ တွေ့နေရပြီ” ဟု သူက ပြောသည်။
ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေးကို စီမံကိ်န်းရေးဆွဲ၍ အထူးကော်မရှင်ဖွဲ့ ဆောင်ရွက်မှသာ အောင်မြင် မည်ဟု CNP က ယုံကြည်နေသည်။
“စီမံကိန်းရေးဆွဲပြီးတော့ အစိုးရ ခွန်အားရော လွှတ်တော်ခွန်အားရော နိုင်ငံတကာ UN (ကုလသမဂ္ဂ) အဖွဲ့ အစည်းတွေရဲ့ အကူအညီရော၊ ဘာသာရေး အဖွဲ့အစည်းတွေပါတဲ့ ကော်မရှင် တရပ် ဖွဲ့စည်းပြီး တော့ ဆောင်ရွက်မှ အောင်မြင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းက ပြောသည်။
မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် ဘိန်းစိုက်ဧက ထောင်နှင့်ချီရှိသည်ဟု CNP က ပြောဆိုသော်လည်း UNODC ခေါ် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု နှိမ်နှင်းရေးအဖွဲ့ က ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ချင်းပြည်နယ်၌ ၁၀ ဟက်တာ (၂၄ ဧက) သာ ဘိန်းစိုက် ကြောင်း ခန့်မှန်းဖော်ပြထားသည်။
သို့သော် ယင်းပမာဏမှာ လက်လှမ်းမီသလောက် သိရှိရသည့် ဘိန်းစိုက်ဧကကိုသာ ဖော်ပြထား ခြင်းဖြစ်ပြီး လက်လှမ်းမမီသည့် ဒေသများစွာ ကျန်ရှိနေသေးကြောင်း UNODC က ဆိုသည်။
ချင်းပြည်နယ် မြောက်ပိုင်းဒေသများတွင် သီးနှံများ စိုက်ပျိုး၍ မဖြစ်ထွန်းသည့် အတွက် စျေးကောင်း ရသည့် ဘိန်းကို စိုက်ပျိုးလာခြင်း ဖြစ်ကြောင်းနှင့် ဘိန်းတောင်သူများ အသက်မွေးဝမ်းကျောင်းပြုရန် မွေးမြူရေး လုပ်ငန်းများ ဖော်ဆောင်ပေးပါက ဘိန်းစိုက်ပျိုးမှု ပပျောက်နိုင်ကြောင်း ကျဲအိုဘစ်ခ်ထောင်း က ဆိုသည်။
“အဲဒီဒေသက ဘာမှ စိုက်ပျိုးလို့ မဖြစ်ထွန်းတော့ အစားထိုးသီးနှံဆိုတာထက် အစားထိုး မွေးမြူရေး လုပ်ငန်း တွေ ဖော်ဆောင်ပေးမယ်ဆိုရင် ဒေသခံတွေ ဘိန်းစိုက်ကြတော့မှာ မဟုတ်ပါဘူး။ သူတို့က စားရေးသောက် ရေး အဆင်မပြေကြလို့သာ စိုက်နေတာ။ ဒီဘိန်းကို မစိုက်ချင်ကြပါဘူး”ဟု သူက ပြောသည်။
မြန်မာအစိုးရက ၂၀၁၀ – ၂၀၁၁ ဘိန်းစိုက်ရာသီတွင် ဘိန်းခင်းပေါင်း ၁၅ဝ၂၁.၇၅ ဧက ဖျက်ဆီးခဲ့ ကြောင်း ပြီးခဲ့ သည့်နှစ်မတ်လက ထုတ်ပြန်ခဲ့သည်။
CNP ပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက် ပွဲတွင် အမတ် ၉ နေရာ အနိုင်ရရှိခဲ့ပြီး ချင်းပြည်နယ်လွှတ်တော်တွင် အမတ်နေရာ ၂၄ နေရာ အနက် CNP က ၅ နေရာ ရယူထားသည်။ ဥက္ကဌမှာ ပူးဇိုဇမ် (ကာတွန်း ဇိုဇမ်) ဖြစ်သည်။