CNF နှင့် ချင်းပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပြီ

CNF နှင့် ချင်းပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပြီ
by -
ခိုနူမ်းထုန်

ချင်းအမျိူးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်း ၁၀ နာရီက ပြည်နယ်မြို့တော် ဟားခါးမြို့ အစိုးရဧည့်ဂေဟာ ဆောက်လုပ်ရေး ရိပ်သာမှာ ငြိမ်းချမ်းရေးအတွက် စတင်ဆွေး နွေးနေကြပြီဖြစ်သည်။

တွေ့ဆုံပွဲတွင် CNF ဘက်က ဒေါက်တာရွှေခါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျံုးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါ၀င်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ပါ၀င်ကြောင်းသိရသည်။

ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး မသိရှိနိုင်သေးသော်လည်း ငြိမ်းချမ်းရေးအတွက် အလား အလာကောင်းမည် ဟု မျှော်လင့်ကြောင်း ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းကပြောသည်။

“ အခြေအနေက မသိသေးဘူး ဆွေးနွေးတာ မပြီးသေးလို့ ပြန်မလာကြသေးဘူး၊ အလားအလားတော့ ကောင်းမယ် လို့ကျနော်မှန်းထားပါတယ်” ဟု သူကပြောသည်။

ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မနက်ဖြန်တွင် အဆုံးသတ်မှာဖြစ်ပြီး ဟားခါးမြို့မိမြို့ဖများ နှင့် ဘာသာရေးခေါင်းဆောင်များက CNF ကိုယ်စားလှယ်အဖွဲ့ နဲ့  ပြည်နယ် အာဏာပိုင် အဖွဲ့ကို ညစာစားပွဲ တည်ခင်းဧည့်ခံပြီး ဆုတောင်းပွဲတရပ်ပြုလုပ်သွားမည်ဟုလည်းသိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါ၀င်သော ချင်းအမျိူးသားပါတီ (CNP) က ယခုလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံကြ သည့်အပေါ် ကြိုဆိုလိုက်ပြီး ထာဝရငြိမ်းချမ်းရေးအတွက် စိတ်ရှည်ရှည်နဲ့ကြိုးစားဖို့လိုကြောင်း ပါတီဥက္ကဌ ဦးဇိုးဇမ်ကပြောပါတယ်။

“ ကျနော်တို့ကတော့ ကြိုဆိုပါတယ်၊ တခုတော့ရှိတာပေါ့ဗျာ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ နေ့ချင်းည ချင်းတော့ ကျနော်တို့လိုချင်တဲ့ ပုံစံတော့ ချက်ချင်းတော့ဝင်ချင်မှဝင်မှာလေ၊ ဒါပေမဲ့ စိတ်ရှည်လက်ရှည် နဲ့ပဲ ထာဝရငြိမ်းချမ်းရေးရဖို့  ကျနော်တို့ကြိုးစားမှပဲဖြစ်မယ်’’ ဟုသူကပြောသည်။

CNF အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့သည် ယခင်စစ်အစိုးရ လက်ထက် ၂၀၀၇ ခုနှစ် မတ်လ (၁၅) ရက်နေ့က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တကြိမ် တွေ့ဆုံခဲ့ကြသော်လည်း တစုံတရာသဘောတူညီ ချက်မရရှိခဲ့ကြပေ။

ယခုတကြိမ်ဆွေးနွေးပွဲမှာမူ CNF နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးနိုင်ရန် ၉၅ ရာခိုင်နှှုန်းခန့် သေချာ နိုင်သည်ဟု ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်လွှင့်သည့် ပြည်တွင်းဂျာနယ် The Voice အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

Most read this week