ပြည်နယ်အဆင့် ငြိမ်း ချမ်းရေးဆွေးနွေးမည့် ချင်းအမျိုးသားတပ်ဦးမှ ကိုယ် စားလှယ် များ ယနေ့ ဇန္နဝါရီလ ၀၂ မနက် ၁၁ နာရီ ခန့်တွင် အိန္ဒိယ မြန်မာ နယ်စပ်မှ မြို့တော်ဟားခါး သို့ ထွက်ခွါ သွားကြပြီဟု သတင်း ရရှိသည်။
၁၀ ဦးပါ စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်များအား လမ်းခရီးတလျှောက်တွင် ဒေသခံပြည် သူများက လှိုက်လှိုက်လှဲ လှဲ ကြိုဆိုကြမည်ဟု လည်း ပြည်တွင်းက လာတဲ့ သတင်းများအရ သိရသည်။
“အနှစ် ၂၀ လုံးလုံး မတွေ့မြင်ရတော့တဲ့ ခေါင်းဆောင်တွေကို တွေ့မြင်ချင်ကြတာ အမှန်ပါ၊ ပြည်နယ် အစိုးရကလည်း ခွင့်ပြုထားတယ်၊ အစိုးရကို အထူး ကျေးဇူးတင်တယ်” ဟု ဒေသခံ လူကြီးတဦးက ပြောသည်။
စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်များကို ပြည်တွင်း Peace and Tranquility Committee ဥက္ကဌ သိက္ခာတော်ရ ဒေါက်တာလာလ်အုပ်နှင့် လူငယ်ခေါင်းဆောင် ဖြစ်သူ ဆလိုင်း VanChan Ceu တို့က နယ်စပ်အထိ လာရောက် ကြိုဆိုကြ မည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးကိစ္စနှင့် ပါတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က “ ပြည်ထောင်စု မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ပြီး၊ ထာဝရ တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး ချင်းအမျိုးသားတပ်ဦးအနေနဲ့ နည်းလမ်းပေါင်းစုံကနေ ချဉ်းကပ် လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါကြောင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ သဘော တူလက်ခံထားတာ ဖြစ်တယ်၊” ဟု ဆိုသည်။
တဆက်တည်း ဒီလိုသဘောတူထားတဲ့ကိစ္စကို လက်နက်ချတာလိုမျိုး၊ အညံ့ခံတာလိုမျိုး၊ အလင်းဝင် တာလိုမျိုး ထင်ယောင် ထင်မှားဖြစ်နေသူတွေရှိနေတာ တွေ့ရကြောင်း၊ အမှန်မှာ ငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးတယ်ဆိုတာ လက်နက်ချတာ၊ အညံ့ခံတာ၊ အလင်းဝင်တာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လို အပ်ကြောင်း ဆက်ဆိုသည်။
စီအဲန်အက်ဖ် ဖက်က ငြိမ်းချမ်းရေးကိုယ်စားလှယ်များကို လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးက ဦးဆောင်သွားမှာဖြစ်ပြီး ဒုတိယ ခေါင်းဆောင်အဖြစ် ပူး အိပ်ချ်စီရာလ်နှင်း ၊ ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်း၊ ဗိုလ်မှူးချုပ် ဆော်လမွန်၊ ပူး ထက်နီ၊ ပူး ရိုခေါမာ၊ ပူး လှထွန်း၊ ပူး ငိုင်ကြားထန်း၊ ဆလိုင်းပီတာလျန်၊ ခင်မောင်လေး တို့ပါ၀င်ကြ မည်ဖြစ်သည်။
ပြည်နယ်ငြိမ်းချမ်းရေးကိုယ်စားလှယ်များကို နယ်စပ်ဒေသလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးက ဦးဆောင် သွား မှာဖြစ်ပြီး ဦးဝင်းထွန်၊ ဦးအောင်သောင်း၊ ဦးအောင်မင်းတို့ ပါ၀င်မှာဖြစ်ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့က လည်း လာရောက်လေ့လာမည်ဟု ကြားသိ ရသည်။