ချင်းပြည်နယ် အထက်ပိုင်း တီးတိန်းမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော ချယ်ရီပင် စိုက်ခင်း သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ချယ်ရီစိုက်ခင်းဖြစ်လာတော့မည်ဖြစ် သည်။
တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာတွင် စိုက်ပျိုးထားသော အပင်ပေါင်း ၄ သောင်းကျော် (ဧက ၃၀၀) ခန့်ရှိသည့် ချယ်ရီပင်များကို I Love Myanmar တည်ထောင် သူ ဒေါ်လီဗီဆပ်နေထန်းမှ လွန်ခဲ့သော ၃ နှစ်က စတင်စိုက် ပျိူးခဲ့ခြင်းဖြစ်သည်။
ချယ်ရီပင်များကို စစိုက်စဉ်တွင် ကမ္ဘာ့အကြီးဆုံး ချယ်ရီစိုက်ခင်းဖြစ်လာရန် ရည်ရွယ်ခြင်း မရှိသော်လည်း ယခုအခါကမ္ဘာ့အကြီးဆုံး ချယ်ရီစိုက်ခင်းဖြစ်လာပြီဖြစ်သည် ဟု ဒေါ်လီဗီဆပ်နိုင်ထန်း ကပြောသည်။
“ စစိုက်တဲ့ ရည်ရွယ်ချက်ကတော့ ကျမသမီးလေးကို အမှတ်ရစေဖို့ဖြစ်တယ်။ ဒီရွာနားဖြတ်သွားတဲ့ အချိန်လောက်မှာ ကျမ သမီးလေး ဟာ ရန်ကုန်ကလေးဆေးရုံမှာ ခရစ်တော်မှာအိပ်ပျော်သွားပါတယ်။ အဲဒါကို အမှတ်ရစေဖို့ ချယ်ရီပင်ကို စစိုက်ခဲ့တာပါ၊ ဒါပေမယ့် စိုက်ယင်းနဲ့ အကျိုးကျေးဇူးတွေကို တစ်ဖြေးဖြေး ပိုမြင်လာပြီး ခုဆို ကမ္ဘာ့အကြီးဆုံး ချယ်ရီစိုက်ခင်း ဖြစ်နေပါပြီ’’ ဟု ဒေါ်လီဗီကပြော သည်။
ဒေါ်လီဗီသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ဂလုန်းမုန်းတိုင်းဒဏ် ခံစားနေရသူများကို ကူညီထောက်ပံ့ပေးရင်း ၎င်း၏ သမီးငယ်သည် ရန်ကုန်မြို့ ဆေးရုံးကြီးတွင် ဆုံးပါးခဲ့ရသည်။
လက်ရှိ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး ချယ်ရီစိုက်ခင်းမှာ ချယ်ရီပင် ၃၈၀၀ ရှိ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြိုတော်တွင် ရှိပြီးယင်း ချယ်ရီပင်ကို ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းပေးခဲ့ခြင်ဖြစ်သည်။
ယခု ချင်းပြည်နယ်မှာ စိုက်ပျိုးထားသော ချယ်ရီပင်များမှာ ချင်းပြည်နယ်ရှိ အလေ့ကျပေါက်သည့် ချယ်ရီပင်များဖြစ်သည်။
ယင်းချယ်ရီပင်များသည် လာမည့် ၃ ၊ ၄ နှစ်ခန့်ကျမှ ဖူးပွင့်လာမည်ဖြစ်ပြီး ချင်းပြည်နယ်အတွက် ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များကို အဓိက ဆွဲဆောင်နိုင် မည့် ချယ်ရီ ဥယာဉ်ကြီးဖြစ်လာ မည်ဟု ယုံကြည်ကြောင်း ဒေါ်လီဗီကပြောသည်။
“ အမေရိကန်ပြည်မှာ ချယ်ရီပင် သုံးထောင်ကျော်ပွင့်တာတောင် ကမ္ဘာလှည့် ခရီးသည်တွေနဲ့ အလွန်စည်ကားနေတာ၊ ဒီမှာက တောင်တန်းကြီးတစ်ခုလုံး ချယ်ရီပန်းတွေ ပွင့်တော့မယ်ဆိုတော့ ချယ်ရီပန်းပွင့်တဲ့အချိန်ဆိုရင် ပြည်တွင်းခရီးသွား တွေ တင်မကဘဲ ပြည်ပက ကမ္ဘာလှည့်ခရီးသည် တွေကိုတောင် ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်တယ်’’ သူမကပြောသည်။
တီးတိန်မြို့နယ်က ဒေသခံတဦးကမူ ကမ္ဘာလှည့်ခရီးသည်တွေ ကိုယ့်ဒေသကို လာရောက်ခွင့်ရတာ ကိုက ကြိုဆိုပါတယ်၊ ချယ်ရီဥယာဉ်တော် ကြီး ဖြစ်လာပါစေလို့ လည်း ဆုတောင်းပါတယ် ဟု ပြောသည်။