CNP က ဘိန်းနှိမ်နှင်းရေး ကော်မတီဖွဲ့ရန် လွှတ်တော်ကို အဆိုတင်မည်

CNP က ဘိန်းနှိမ်နှင်းရေး ကော်မတီဖွဲ့ရန် လွှတ်တော်ကို အဆိုတင်မည်
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းအမျိူးသားပါတီ (CNP)က ချင်းပြည်နယ်တွင် ဘိန်းနှိမ်နှင်းရေးအတွက် ကော်မတီတရပ်ဖွဲ့စည်းရန် လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင်အဆို တင်သွင်းမည်ဟုသိရသည်။

ဘိန်းနှိမ်နှင်းရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးခေါင်း ဆောင်များ၊ ယူအဲန်ကိုယ်စားလှယ်များ၊ တတ်သိပညာရှင်များပါ၀င်သောကော်မတီ တရပ်ကို အမြန်ဆုံးဖွဲ့စည်းရန် ပြည် နယ်လွှတ်တော်အစည်းအဝေးသို့ တင်သွင်းသွားမည်ဟု CNP ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောဆိုလိုက်ခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် လွှန်ခဲ့သော ၂၀၀၆ ခုနှစ်ခန့်ကစပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက် နေကြသော မဏိပူရ သူပုန် များကနယ်မြေခံအာဏာပိုင်များ နှင့် အပေးအယူလုပ်ကာ ဘိန်းစိုက်ပျိူးမှုကို ပေါ်တင်လုပ် ဆောင်လာခဲ့ကြသည်။

အဓိကစိုက်ပျိူးသောနေရာမှာ ချင်းပြည်နယ်အထက်ပိုင်း တွန်းမြို့နယ် နှင့် ကျီခါးမြို့နယ်တို့ဖြစ်သည်။

နောက်ပိုင်းတွင် ဒေသခံများကလည်း တောင်ယာလုပ်ငန်းအစား ဘိန်းစိုက်ပျိူးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာခဲ့ ကြပြီး ယခုအခါ အဆိုပါဒေသတွင် ဘိန်းစိုက်ဧက ၁၀၀၀ ခန့်ရှိနေပြီး လူငယ်များဘိန်း သုံးစွဲမှု ပိုမိုများပြားလာခဲ့သည်ဟု ဘိန်းစိုက် ခင်းကို လေ့လာနေသူ တဦးကပြောသည်။

၀န်ကြီးချူပ်ဦးဟုန်းငိုင်းဦးဆောင်သော ချင်းပြည်နယ်အစိုးရကလည်း ယင်းကိစ္စကို ဖြေရှင်းရန်အတွက် ပြီးခဲ့သည့် အောက် တိုဘာ ၂၈ ရက် ၂၉ ရက်နေ့က တွန်းဇံမြို့ နှင့် ကျီခါးမြို့တွင် ဘိန်းမျိူးစေ့အပ်နှံပွဲ နှင့်ပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

တွန်းဇံမြို့ ရွှေပြည်ခန်းမတွင် ကျင်းပသော ဘိန်းမျိူးစေ့အပ်နှံပွဲတွင် ၀န်ကြီးချူပ် ဦးဟုန်းငိုင်း အပါအဝင် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးကြည်လင်း တို့ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး ဘိန်းတောင် သူများက ဘိန်းမျိူးစေ့ ပြည်(၈၀) (ကီလိုအားဖြင့် ၁၁၅.၂) လာရောက်အပ်နှံကြကြောင်း၊ ကျီခါးမြို့တွင်လည်း ဘိန်းတောင်သူများက ဘိန်းမျိူးစေ့ ပြည် (၉၀) ခန့် အပ်နှံခဲ့ကြကြောင်း ChinWorldသတင်းတွင်ဖော်ပြထား သည်။

ယခုကဲ့သို့ ပြည်နယ်အစိုးရက ဘိန်းပပျောက်ရေးအတွက် ဘိန်းမျိူးစေ့အပ်နှံပွဲကျင်းပခြင်းသည်ဝမ်းသာ စရာဖြစ် သော်လည်းအားရမှုမရှိကြောင်း ဆလိုင်းကျဲအို ဘိခ်ထောင်းကပြောသည်။

‘‘ များတာနည်းတာဘဲဖြစ်ဖြစ် အပ်နှံတာကတော့ ကောင်းပါတယ် အဓိကတော့ ဘယ်လောက်ပမာဏစိုက် ပြီးတော့ ဘယ်လောက်ပမာဏအပ်နှံသလဲ၊ အဲဒီအပ်နှံတဲ့ ဘိန်းတွေဟာဘယ်မှာသွားသလဲ၊ အစိုးရက ဘယ်လိုကိုင်တွယ်သလဲ၊ မီးရှိုးဖျက်ဆီးတာလား အဲဒါတွေရှင်းရှင်းလင်းလင်းသိဖို့လိုတယ်လေ၊ပွင့်လင်း မြင်သာမှုရှိဖို့လိုပါတယ်’’ဟု သူကပြော သည်။

ချင်းပြည်နယ်၏ ဘိန်းကိစ္စကို ယခုလို ဘိန်းမျိူးစေ့အပ်နှံပွဲကျင်းပပေးရုံနှင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ကော်မတီတရပ် ဖွဲ့စည်းကာ ဘိန်းစိုက်ပျိူးမှုအခြေအနေ လူငယ်ထုအကြား ဘိန်းသုံးစွဲအခြေအနေများကို စနစ်တကျ အရင်လေ့လာပြီး မည်သို့ဖြေရှင်းရမည်ကို ၀ိုင်းဝန်းစဉ်းစားအဖြေရှာရမှာဖြစ်ကြောင်းဆလိုင်း ကျဲအိုဘိခ်ထောင်းကပြောသည်။