၀န်ကြီးချူပ် ဦးဟုန်းငိုင်း ဦးဆောင်သည့် ချင်း ပြည်နယ် အစိုးရအဖွဲ့က ချင်းပြည်နယ်၏ ဆင်းရဲ နွမ်းပါးမှုကို လာမည့် ၂၀၁၅ ခုနှစ်တွင် (၃၅) ရာခိုင်နှုန်းအထိ လျော့ချနိုင်မည်ဟု ဟားခါးမြို့နယ် အုပ်ချူပ်ရေးမှူး ဦးဆွေခန့်ထန်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က ဟားခါးမြို့တွင် ကျင်းပသော ဥပဒေပညာပေးဟောပြောပွဲအခမ်း အနားတွင် ဦး ဆွေခန့်ထန်က မြန်မာနိုင်ငံ၏ ပြည်နယ် နှင့် တိုင်း ၁၄ ခုတွင် ချင်းပြည်နယ်သည် ဆင်းရဲ နွမ်းပါးမှု အမြင့်ဆုံးခြေအနေတွင် ရောက်ရှိနေပြီး ယင်းကိစ္စကို လာမည့် ၂၀၁၅ ခုနှစ်အတွင်း (၃၅)ရာခိုင်နှုန်း အထိ လျော့ချနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသွားသည်။
“ ချင်းပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါးမူ အခြေပြ ဇယား (၁၀၀) ရာခိုင်နှုန်းမှာ (၇၃) ရာခိုင်နှုန်းကဆင်းရဲနွမ်းပါး သူတွေ ဖြစ်နေ တယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရအဖွဲ့ကနေ လျော့ချနိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းကပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့က ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်တခုအနေဖြင့် ပြည်သူများအား ချေးငွေထုတ်ချေး ပေးခြင်းဖြင့် စတင်နေပြီဟုလည်း သူကဆက်ပြောသည်။
၎င်းချေးငွေများကို နိုင်ငံသား စီစစ်ရေးကဒ်ပြားရှိသူများ နှင့် အိမ်လိုင်စင်ရှိသူများကသာ ချေးယူနိုင်မှာဖြစ်ပြီး လူတဦးလျင် ကျပ်ငွေ (၃) သိန်းအထိ ချေးယူခွင့်ရှိကြောင်းလည်း ၎င်းကပြောသည်။
ချေးငွေလုပ်ငန်း ပထမကြိမ်အနေဖြင့် ပြည်နယ်အစိုးရက ပြီးခဲ့သည့် သြဂုတ်လက လူဦရေ (၃၀၀)၏အမည် စာရင်းကို လက်ခံခဲ့ပြီး ယခု နို၀င်ဘာလအတွင်း ချေးငွေများကို စတင်ထုတ်ပေးတော့မည်ဖြစ် သည်ဟုသိ ရသည်။
ချေးငွေလုပ်ငန်းကို လာမည့်နှစ်များတွင် ပိုမိုကျယ်ပြန့်စွာဆက်လက်လုပ်ဆောင်သွားမည်ဟုလည်းသိရသည်။