ခွါနင်း လေသောင်- ခိုနူမ်ထုန်သတင်း- အိန္ဒိယ အစိုးရက ချင်းပြည်နယ် ကျန်းမာရေးနှင့် ပညာရေး အတွက် အမေရိကန်ဒေါ်လာ ၆ သန်း ကူညီမည့် သတင်း ကြားသိသည့် ချင်းကျေးလက်ပြည်သူတော် တော်များများ ၀မ်းမြောက်ဝမ်းသာဖြစ် ကြမည်မှာ မြေကြီးလက် ခတ်မလွဲ ပင်။
ကျနော်လည်း ထိုသတင်းကို ကြားကြားချင်း ဂဏန်းပေါင်းစက်ကို ယူပြီး ဒေါ်လာ ၆ သန်းကြီးကို တတ်သမျှ မျှသမျှှ သချင်္ာ ပညာဖြင့် တွက်ချက် ကြည့်လိုက်သည်။
ဒေါ်လာ ၆ သန်းသည် အစိုးရသတ်မှတ်ချက် တစ်ဒေါ်လာ ၆.၅ ကျပ် နှုန်းဖြင့် ကျပ် ၃၉ သန်းဖြစ်ပြီး မှောင်ခိုစျေးကွက် တစ်ဒေါ်လာ ရ၄၀ ကျပ်နှုန်းဖြင့် ကျပ်သန်းပေါင်း ၄၄၄၀ ဖြစ်သည်။ သို့သော်ချင်းပြည် သူများအနေဖြင့် ကျပ် ၃၉ သန်းသာ ရရှိရမည်ဖြစ်တော့ လုံးဝ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည်။ ၀.၈၇% ရာခိုင်နှုန်းသာ ချင်းပြည်သူအတွက် ဖြစ်လာမည်၊ ထိုအထဲမှာမှ မည်မျှ ရာခိုင်နှုန်းကို အုပ်ချုပ်ရေးဖက်က လက်ဝါးကြီး အုပ်ပြီး လက်ကျန်မည်မျှ နည်းသည့် ငွေပမာဏကို ချင်း ပြည်၏ ပညာရေး ကျန်းမာရေးများအတွက် ချပေးမည် မသိတော့ပါ။
အရှင်းဆုံးပြောရပါမူ အိန္ဒိယ အစိုးရသည် စစ်အစိုးရကို ကူညီသည်ဟု တိုက်ရိုက်မပြော သော်လည်း ၉၉.၂၃ ရာခိုင် နှုန်းသော ငွေပမာဏသည် အုပ်ချုပ်သူများ၏ အိတ်ကပ်ထဲ ရောက်ရှိမည်ဖြစ်သဖြင့် စစ်အစိုးရအား တမင် ကူညီ ခြင်း သာ ဖြစ်သည်ဟု ဆိုရမည်ပင်။ အကြောင်းမှာ စစ်ဗိုလ် ကတော်များဒေါ်လာစျေးကွက် တွင် အကြီးကြီးကစား နေကြ သည်မှာ အားလုံးအသိပင်ဖြစ်သည်။
ကျနော် မှတ်မိ သေးသည်၊ ၂၀၀၅ ခုနှစ် အထိ ချင်းပြည်နယ် ၅ မြို့နယ်အတွက် ယူအဲန်ဒီပီ၏ ဘတ်ဂျက်ငွေ မှာ ဒေါ်လာ သိန်း ၂၆၀ ဖြစ်ကြောင်း စာတမ်းတစ်ခု သူငယ်ချင်းက ယူလာပေး ဖတ်ဖူးသည်။
အပြင်စျေးကွက်တွင် တစ်ဒေါ် လာ ၁၅၀၀ ကျပ်ပေါက်နေချိန်များတွင်လည်း နအဖ အစိုးရ စျေးနှုန်းက ၆.၅ ထက် ပိုမတက်ဖူးပေ။ သို့သော် ယူအဲန်ဒီပီနှင့်ကျမှ တစ်ဒေါ်လာ ကျပ် ၈၀၀ လောက်နှင့် စဉ်းစားပေးခဲ့ သည် ဆို၏။ ထိုစဉ်အခါက ပြင်ပ စျေးနှုန်းမှာ ၁၂၀၀ မှ ၁၅၀၀ အထိ ရှိပါသည်။ ငွေလှဲနှုန်းဖြင့် သူတို့သည် အနည်းဆုံး ၃၃% စားကြရာ ၈၅.၈ သန်းသည် သူတို့ လက်ထဲရောက်သွားသည်။ ကျန် ၁၇၄.၂ သန်းကို လည်း နည်းစနစ် အမျိုးမျိုးဖြင့် နှိုက်ယူကြဦးမည် သာ။ ရှင်းရှင်းလေး တွက်ပြရလျှင် ၂၆၀ ကို ၈၀၀ နှင့်လှဲလျှင် ကျပ် သန်းပေါင်း ၂၀၈၀၀၀ ရရှိပါသည်။
ချင်းပြည်နယ် ၉ မြို့နယ်တွင် လူဦးရေ ၅ သိန်းမျှသာ နေထိုင် ကြရသည်ဖြစ်ရာ အယောက်တိုင်းအား ပေးဝေလိုက်လျှင်ပင် ကျပ် ၄၁၆၀၀၀ စီ ရရှိကြ မည်ဖြစ်သည်။ ၅ မြို့နယ်တွင် လူဦးရေ ၃သိန်းရှိသည် ထားပါ၊ အယောက်တိုင်းအားပေးဝေမည်ဆိုလျှင်ပင် ကျပ် ၆၉၃၀၀၀ စီ ရရှိမည်ဖြစ်သည်။ ပျမ်းမျှ ၆ ဦး နေ တအိမ်ထောင်လျှင် ကျပ် ၄၁၅၈၀၀၀ ရရှိမည်ဟု ဆိုရပါမည်။
အဓိကအားဖြင့် ချင်းပြည် မြောက်ပိုင်း မြို့နယ်များတွင် ၂၀၀၅ ခုနှစ်မတိုင်မီ ကျေးရွာတစ်ခု လုံးအတွက် ကျပ်သိန်း ၄၀ ကျော် စီမံကိန်း ထောက်ပ့ံမှု အလွန် ရှားပါးပါသည်။ ကျေးရွာတိုင်း ယူအဲန်ဒီပီ အကူအညီ မရကြပါ၊ ယင်းကို ထောက်ရှုခြင်းအားဖြင့် ယန္တယားတစ်ခု အကြီးအကျယ် မှားယွင်းသွား နေပြီ ဖြစ်ကြောင်း သိသာထင်ရှားပါသည်။ ချင်းပြည်သူများ အကြီးအကျယ် ခေါင်းပုံအဖြတ် ခံရပါသည်။
တပ်မတော်သည်သာ အမိ တပ်မတော်သည်သာ အဖဟု ကြွေးကြော်သံပေးကာ တိုင်းပြည်ကို အချစ် ဆုံး လူတန်းစား အဖြစ် ရပ်တည်လာခဲ့သော တိုင်းပြည်အတွက် နေ့မအားညမလပ် အလုပ်လုပ်ပါ သည်ဟု ပြောလာခဲ့သော သူတို့သည် ဆင်းရဲ ချို့တဲ့ ချွတ်ခြုံကျခဲ့သော ပြည်သူများအပေါ် ခြယ်လှယ်သွေးစုတ်ခဲ့ သည့် နည်းစနစ်များတွင် ငွေလှဲနှုန်းသည် လည်းတစ်ခု အပါအဝင်ဖြစ်ပါသည်။ တကယ် လက်တွေ့ဘယ်သူ မှ မလှဲလိုသော ငွေလှဲနှုန်းကို ခုံမင်စွာ ဆုပ်ကိုင်နေ ခြင်းသည်ပင်လျှင် စစ်အစိုးရသည် ပြည်သူ၏ အမိအဖ မဟုတ်ကြောင်း ခိုင်မာစွာ သက်သေထူပေသည်။
မြန်မာ့ခရီးသွားနှစ်ကာလ နိုင်ငံခြားဧည့် သည်များကို မလှဲမနေရ ဒေါ်လာ ၅၀၀ လုပ်ကြသေးသည် မဟုတ် လား။ သန်းထောင်ပေါင်းမည်မျှကို ဤငွေလှဲနှုန်းဖြင့် စားခဲ့ ကြသည်မှာ တွေးဝံ့စရာပင် မရှိတော့ပါ။ ထိုကြောင့်လည်း တိုင်းပြည်အာဏာကို အရူးအမူးဆုပ်ကိုင် နေကြခြင်းမဟုတ်ပေးဘူး လော၊
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မင်္ဂလာဆောင် အခမ်းအနားကို ကြည့်လျှင် ထင်ရှားပါသည်၊ နအဖ ဥက္ကဌကြီး၏ လစာဖြင့် ထိုမျှလောက်သော စည်းစိမ် ချမ်းသာ မရနိုင်ပေ။ စစ်အစိုးရ၏ တနိုင်ငံလုံးစီးပွားရေး လက်ဝါးကြီးအုပ်မှူကို တခုချင်းစီ စီစစ်တွက် ချက်ကြည့်ပါကလည်း ဂဏန်း ပေါင်းစက်နဲ့အချိန်ကုန်လူ ပမ်းရုံသာဖြစ်မည်။
ဤဖြစ်ပျက်မှုအလုံးစုံကို ကုလားပြည်အစိုးရလည်း သိပါသည်။ ချင်းပြည်နယ်အတွက်ဆိုသည်မှာလိမ္မာပါး နပ်သော စကား အသုံးအနှုန်း သက်သက်သာ ဖြစ်ပါသည်။ အမှန် ကူညီသည်ကား စစ် အစိုးရဖြစ်ပါသည်။ စစ်အစိုးရဟု သုံးနှုန်းထားခြင်းကို စာဖတ်ပရိသတ် နားမလည်မှာ စိုးရိမ်သဖြင့် အနည်းငယ်ရှင်းပြလိုပါ သည်။ စစ်တပ်ကို အာဏာရ ရှိလာအောင် ဥပဒေပြဌါန်း အုပ်ချုပ်လာခဲ့သော အစိုးရဖြစ်သောကြောင့် စစ်အစိုးရဟု သုံးနှုန်းထားခြင်း ဖြစ်ပါသည်။
လက်ရှိ အမတ်များကို ကြည့်ပါ၊ သေချာသည်မှာ အရပ်ဝတ်လဲ စစ်သူကြီးများသာ ပြည့်နေပါသည်။ ကမ္ဘာကို ညာစားခဲ့ သော ရွေးကောက်ပွဲဖြင့် အစိုးရကို ထူထောင်လာခဲ့ခြင်းပင်ဖြစ်သည်။ ၄င်းကိုကမ္ဘာ့အင် အားအကြီးဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယအစိုးရ ကောင်းကောင်း သိခဲ့ပါလျှက် သူတို့နိုင်ငံ၏ အကျိုးစီးပွါးအတွက် စစ်အစိုးရ အား ပေါင်းဖော် အားပေးကူညီရခြင်းသည် ချင်းပြည် သူများအပြင် မြန်မာ တနိုင်ငံလုံးပြည်သူများအတွက် ရင်နာစရာပင် ဖြစ်သည်။ အိန္ဒိယ၏ အရှေ့မျှော် ပေါ်လစီအောက်တွင် ဆင်းရဲသော ချင်းပြည်သူများ အရောင်းစား ခံခဲ့ကြရပြီတကား။