အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Ngur ကျေးရွာတွင် နေထိုင်ကြသော ချင်းလူမျိုး ၁၁ ဦး (၇ အိမ်ခြေ) ကို သြဂုတ်လ ၂၆ ရက်နေ့က ကျေးရွာအာဏာပိုင်တွေ ကမောင်းထုတ် လိုက်ကြောင်းသိရသည်။
၄င်းတို့သည် အစိုးရမှ ပိတ်ပင်ထားသော အရက်ချက်လုပ်ငန်း နှင့် အစိုးရပိုင် နယ်မြေမှ သစ်များကို ခိုးထုတ်ပြီး မီးသွေး ဖုတ်လေ့ရှိသောကြောင့် ယခုကဲ့သို့ ရွာမှမောင်းထုတ်ခံရခြင်းဖြစ် သည်ဟုဒေသခံတဦး ကပြောသည်။
” သူတို့က အစိုးရ မြေဧရိယာတွေမှာ မီးသွေးဖုတ်တယ်၊ ပြီးတော့ တားမြစ်ထားတဲ့ အရက်ကိုလည်းခိုးချက် ကြတော့ မောင်းထုတ်ခံရတာပါ” ဟုဒေသခံတဦးကပြောသည်။
ကျေးရွာအာဏာပိုင်များက ၄င်းတို့ကို အရက်ချက်လုပ်ငန်း နှင့် သစ်များ ခိုးထုတ်ပြီး မီးသွေးမဖုတ်ကြရန် မကြာ ခဏ သတိပေးပြောဆိုခဲ့ကြသော်လည်း ပြောဆိုမရသည့်အတွက် ရွာမှမောင်းထုတ်ခံရသည့်အဆင့်ထိ ရောက်သွားခြင်း ဖြစ်သည်ဟုသိရသည်။
မောင်းထုတ်ခံရသည့် အဆိုပါ ချင်းလူမျိူးများသည် တချိူ့မှာ မြန်မာနိုင်ငံဘက်သို့ ပြန်သွားကြပြီဖြစ်ကြောင်း၊ ကျန်တချိူ့မှာ မူ ကျန်ဖိုင်းမြို့တွင် သောင်တင်နေကြရသည်ဟုသိရည်။
မီဇိုရမ်သည် အရက်ရောင်းဝယ်ခြင်း၊ အရက် ချက်လုပ်ငန်းများကို ပိတ်ပင်ထားမြစ်သည့် ပြည်နယ်ဖြစ်သည်။ သို့သော် လည်း အရက်ချက်လုပ်ငန်းကို ခိုပြီးလုပ်ကိုင်လျက်ရှိကြပြီး ယင်းအရက်ချက်လုပ်ငန်းတွင်ချင်းလူမျိုး များသည် အဓိက ပါ၀င်လုပ်ကိုင်ကြသည်။
‘‘ ဒီမှာရောက်လာတဲ့ မြန်မာနိုင်ငံသားတွေက အများအားဖြင့် ပညာတတ်မဟုတ်ကြတော့တခြားအလုပ်တွေရ ဖို့ခက်တယ် လေ ဒါကြောင့် ငွေလည်းရလွယ်တဲ့ ပညာတတ်ဖို့လည်းမလိုတဲ့ ဒီအရက်ချက်လုပ်ငန်းကိုလုပ်ကိုင် နေကြရတာပါ’’ ဟု မီဇိုရမ် တွင်နေထိုင်သူ မြန်မာနိုင်ငံသားတဦးကပြောသည်။