မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမက်စ် အိုဟေး ကင်တားနားသည် ယနေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့သော်လည်းချင်း အမျိုးသားပါတီက တွေ့ဆုံခွင့် မရလိုက်ကြာင်း သိရသည်။
၅ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယခုလ ၂၁ ရက်နေ့က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားသည် ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ ယူအဲန်ဒီပီရုံး၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံခဲ့ကြပြီး ချင်းအမျိုးသားပါတီမှာမူ အချိတ်အဆက် လွဲချော်မှု ကြောင့် တွေ့ဆုံခွင့် မရလိုက်ကြောင်း ပါတီဥက္ကဋ္ဌ ဦးဇိုးဇမ်က ပြောသည်။
‘‘ကျနော်ဆီဝင်လာတဲ့ အင်ဖော်မေးရှင်းကတော့ ၂ နာရီ ၅၅ မိနစ်မှာတွေ့ဖို့ အတိအကျပဲကျနော်သွား ရောက်သွားပါတယ် ဒါပေမဲ့ ကျနော်တို့ညီနောင် ၅ ပါတီအဖွဲ့က မနက်ပိုင်းမှာ ပြီးသွားပါပြီဆိုတဲ့ အဖြေပဲရလိုက်တယ်’’ ဟုဦးဇိုးဇမ်က ပြောသည်။
ချင်းပြည်နယ်တွင် ယခုချိန်အထိ စစ်တပ်မှရွာသားများအား ရိက္ခာများထမ်းခိုင်းခြင်း၊ ပုဂ္ဂလိက ပိုင်ကားများအား စစ်တပ်မှ ချောဆွဲခြင်းများ ရှိနေသေးသည့် ကိစ္စရပ်များနှင့် ချင်းပြည်နယ်တွင် စစ်တပ်အများအပြားချထားခြင်း၊ မြို့ပေါ် လူနေရပ်ကွက် တချိူ့တွင် စစ်တပ် ကင်းများချထားခြင်း၊ တွန်းဇံမြို့ပေါ်တွင် အစိုးရစစ်တပ် နှင့် အိန္ဒိယအရှေ့မြောက်သူပုန်များ ပူးပေါင်းကာဘိန်းစိုက်ပျိူး သည့့် ကိစ္စရပ်များကို မစ္စတာကင်တားနားထံသို့ တင်ပြရန် စီစဉ်ခဲ့သော်လည်း မတွေ့လိုက်ရသည့် အတွက် တင်ပြခွင့် မရလိုက်ကြောင်း ဦးဇိုးဇမ်ကပြောသည်။
‘‘ ကျနော်တို့ ချင်းပြည်နယ်မှာ လောလောဆယ်ဖြစ်နေတဲ့ လူ့အခွင့်အရေးနှင့်ပတ်သက်တဲ့ အကြောင်း အရာတွေ တော် တော်များများရှိတယ် အဲဒါလေးတွေ တင်ပြဖို့ အဆင်သင့်လုပ်ထားတာ ရှိပါတယ်လေ။ အဲဒါကို တင်ပြလို့မရခဲ့ဘူး ဒါပေမဲ့ ကိစ္စမရှိပါဘူး တနေ့နေ့တကြိမ်ကြိမ် ကျရင် အဆင်သင့်ဦးမှာပါလို့ ခံယူထားပါတယ်’’ သူကပြောသည်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် ယနေ့ညပိုင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွား မည်ဖြစ်ပြီးလာမည့် အောက်တိုဘာလတွင် ကျင်းပမည့် လူ့အခွင့်အရေး ဆိုင်ရာညီလာခံ၌ မြန်မာနိုင်ငံ၏အခြေအနေကို တင်ပြသွားမည်ဟုသိရသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါ၀င်ခဲ့ကြသော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိူးများဒီမိုကရေစီအဖွဲ့ချူပ် နှင့် ကချင်၊ မွန်၊ ကယန်းပါတီတို့ကလည်း စစ်ဖြစ် နေသော တိုင်းရင်းသားဒေသများတွင်လူအခွင့် အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား လွတ် မြောက်ရေးတို့ ပါဝင်သည့် အချက် ၄ ချက်ပါ ပေးစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့် အရေးအထူး ကိုယ်စားလှယ်မစ္စတာ ကွင်တားနားထံ တင်ပြတောင်းဆိုခဲ့ကြသည်။
မစ္စတာကင်တားနားသည် ၄င်း၏ ၅ ရက်တာခရီးစဉ်အတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုအောင်းစုကြည်နှင့်လည်း တွေ့ဆုံသည့်အပြင် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး၊လွှတ်တော် ဥက္ကဌများ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ နှင့်လည်းတွေ့ဆုံခဲ့သည်။
ကင်တားနား၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံအစိုးရသစ်တက်လာသည့်နောက်ပိုင်းပထမဆုံး အကြိမ်ဖြစ်ပြီးယခင်စစ် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ၃ ကြိမ်တိုင်တိုင်လာရောက်ခဲ့ပြီး ဖြစ်သည်။
ကင်တားနားသည် ယခင် စစ်အစိုးရလက်ထက်တွင် စစ်ရာဇဝတ်မှုများနှင့် လူသားထုအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများ ရှိမရှိ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) ဖွဲ့ရန် တောင်းဆိုထားသူဖြစ်သည်။
၂၀၀၈ ခုနှစ်မှ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခြင်းခံရသူ ကင်တားနားကို မြန်မာ အစိုးရကလွန်ခဲ့သည့် ၂၀၁၀ ခုနှစ် မတ်လကစပြီးမြန်မာနိုင်ငံသို့လာရောက် ခွင့် ဗီဇာပိတ်ပင်ခဲ့သည်။
ချင်းပြည်နယ်မှ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်သည် ပေါ်တာဆွဲမှု၊လုပ်ခမပေးဘဲလုပ်အား ပေးစေခိုင်းမှု၊ ဘာသာရေး ဖိနှိပ်မှု များ ခံစားနေရကြောင်း ကို ၂၀၁၁ ခုနှစ်ဆန်းပိုင်းကထုတ်ပြန် သောအမေရိကန် အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့နှင့် ဂျွန် ဟော့ပ်ကင်း ဘလွန်းဘာ့ဂ် ပြည်သူ့ ကျန်းမာရေးကျောင်းရှိ ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဌာနတို့ ပူးတွဲပြုစုသည့် “စစ်အာဏာရှင် လက်အောက်မှ ဘဝ – မြန်မာနိုင်ငံချင်းပြည်နယ်တွင်းလူသားထု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအထောက်အထား” (Life Under the Junta: Evidence of Crimes Against Humanity in Burma’s Chin State) အမည်ရှိ အစီရင်ခံစာတွင်လည်းဖော်ပြ ထားသည်။